Border News Agency
ကျောက်မဲ၊ အောက်တိုဘာ ၁၉။
ကျောက်မဲမြို့နယ်၊ ၁၁ မိုင်ကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ သံဃာတော်နှစ်ပါး ဒဏ်ရာရသွားခဲ့တယ်လို့ တအာင်းတပ်မတော်က အောက်တိုဘာလ ၁၉ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကျောက်မဲမြို့နယ်၊ ၁၁မိုင်ကျေးရွာကို အောက်တိုဘာလ ၁၈ ရက်၊ မနေ့ ညနေ ၈ နာရီ ၄၀ မိနစ်အချိန်က လေကြာင်းမှ ပေါင်ငါးရာဗုံးတလုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုအရပ်သားတွေ နေထိုင်တဲ့နေရာကို ရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်နှစ်ပါး ဒဏ်ရသွားသလို ဘုန်းကြီးကျောင်းတကျောင်းနဲ့ ကျောင်းဆောင်တဆောင်လည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာကို အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတဦးသေဆုံးခဲ့ပြီး အမျိုးသမီးနှစ်ဦးဒဏ်ရာရသွားသလို နေအိမ်ငါးအိမ်လည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၁ရက်နေ့မှ ၁၆ရက်နေ့ထိ လေကြောင်းက မန်တုံမြို့ကိုတကြိမ်၊ ကျောက်မဲမြို့ကိုသုံးကြိမ်၊ သီပေါမြို့ကိုငါးကြိမ်၊ မိုင်းငေါ့မြို့ကိုတကြိမ်၊ မိုင်းလုံမြို့ကိုလေးကြိမ်၊ နမ့်ဆန်မြို့ကိုသုံးကြိမ်၊ နမ္မတူမြို့ကိုလေးကြိမ်၊ မိုးမိတ်မြို့ကိုသုံးကြိမ်နဲ့ မိုးကုတ်မြို့ကိုတကြိမ်၊ စုစုပေါင်းနှစ်ဆယ့်ငါးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးခုနှစ်ဦး၊ အမျိုးသားဆယ်ဦး၊ အမျိုးသမီးဆယ့်နှစ်ဦး သေဆုံးခဲ့ပြီး ကလေးဆယ့်တဦး၊ အမျိုးသားဆယ့်လေးဦး၊ အမျိုးသမီးဆယ့်တဦးဒဏ်ရာရှိခဲ့ပြီး လူနေအိမ်တရာရှစ်အိမ်၊ စာသင်ကျောင်းသုံးကျောင်း၊ ဘုန်းကြီးကျောင်းနှစ်ကျောင်း၊ ကျောင်းဆောင်လေးဆောင်နဲ့ အဆောက်အဦးလေးခု ပျက်စီးသွားခဲ့ပါတယ်။
အဲဒါကြောင့် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ ပြည်သူတွေ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြပါတယ်။
တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းနဲ့အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူး လွန်နေတယ်လို့ ဆိုပါတယ်။








