Border News Agency
မြောက်ဦး၊ ဧပြီ ၂၀။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ ပလက်ဝမြို့နယ်တွေကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ ဧပြီလ ၁၉ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့က နတလကျောင်း၊ ရွာဟောင်းပိုင်းရပ်ကွက်နဲ့ လျှပ်စစ်မီးခွဲရုံကို ဧပြီလ ၁၉ ရက်၊ မနက်ပိုင်းမှာ စစ်ကော်မရှင်တပ်က တိုက်လေယာဥ်တွေနဲ့ ၇ ကြိမ်တိုင်တိုင်လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့တာကြောင့် မီးခွဲရုံ မီးလောင်ပျက်စီးပြီး ပြည်သူတဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ငှက်ကြီးကျွန်းရွာကိုလည်း စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတဦး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမြောက်ဦးမြို့နယ်၊ကျောက်ဆည်ပြင်ရွာမှာလည်း ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တွေအပါအဝင် ပြည်သူ ၁၃ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ကျောက်တော်နဲ့ပလက်ဝမြို့တွေကိုလည်း တိုက်လေယာဥ် ၅ စီး၊ Y12 ၂ စီးနဲ့ အရပ်သားနေရာတွေကိုအပြင်းအထန် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အခုလို စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ လမ်းတံတားတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေကို ဒီရက်သတ္တပတ်အတွင်းမှာ တိုးမြှင့်လုပ်ဆောင်လာတယ်လို့ဆိုပါတယ်။
























