Border News Agency
ထိုင်း၊ မေ ၁။
ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (May Day) မှာ ထိုင်းနိုင်ငံက အလုပ်သမားအဖွဲ့အစည်းတွေ စုပေါင်းပြီး ဘန်ကောက်မြို့မှာ ချီတက်ဆန္ဒပြကာ အစိုးရထံ တောင်းဆိုချက် ၉ ချက် တင်သွင်းခဲ့ကြပါတယ်။
အဲဒီတောင်းဆိုချက်တွေထဲမှာ အခြေခံလုပ်ခလစာကို ၇၁၂ ဘတ်အထိ တိုးပေးဖို့၊ ရွှေ့ပြောင်းလုပ်သားရေးရာမူဝါဒတွေကို ဥပဒေနဲ့အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးဖို့နဲ့ ILO ရဲ့ ပြဋ္ဌာန်းချက်တွေကို အတည်ပြုလက်မှတ်ထိုးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒါ့အပြင် အခုရင်ဆိုင်နေရတဲ့ အပူရှိန်ပြင်းထန်မှုကို အများပြည်သူဆိုင်ရာ ဘေးအန္တရာယ်အဖြစ် သတ်မှတ်ပေးဖို့နဲ့ လေထုညစ်ညမ်းမှုပြဿနာတွေကိုလည်း ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။
အလုပ်သမားခေါင်းဆောင်တွေကတော့ အလုပ်သမားနေ့ဆိုတာ ပျော်ပွဲရွှင်ပွဲနေ့မဟုတ်ဘဲ မူဝါဒတွေပြောင်းလဲလာအောင် တွန်းအားပေးတဲ့နေ့ဖြစ်တယ် လို့ ပြောကြားပြီး အစိုးရအိမ်တော်ရှေ့မှာ တောင်းဆိုချက်တွေကို တင်ပြခဲ့ကြပါတယ်။















