Border News Agency
ထိုင်း၊ စက်တင်ဘာ ၂၈။
ထိုင်းနိုင်ငံ၊ ပထုမ်ဌာနီခရိုင်၊ သမ်ခုတ်မြို့နယ်မှာရှိတဲ့ ဝတ်ကိုင်းတီးယားကျောင်းတိုက်မှာ စက်တင်ဘာလ ၂၈ ရက်နေ့ထိ ရေအမှတ်စင်တီမီတာ ၅၀ ကနေ ၆၀ အထိ မြင့်တက်ပြီး ရေကြီးရေလျှံနေပါတယ်။
အဲဒီကျောင်းတိုက်ဟာ ကျောက်ဖရားမြစ်ကမ်းဘေး ရေကာတာအပြင်ဘက် မြေနိမ့်ပိုင်းမှာရှိတာကြောင့် အထက်ပိုင်းက တောင်ကျရေတွေနဲ့ မိုးဆက်တိုက်ရွာပြီး မြစ်ရေလျှံတက်လာတာဖြစ်လို့ သံဃာတော်တွေသွားလာရေးအတွက် လှေနဲ့ဖေါမ်တုံးတွေကို အသုံးပြုနေကြရတာပါ။
အဲဒီအပြင် ကျောင်းဝင်းအတွင်းရေဝင်ရောက်လာတာကြောင့် ဒကာ၊ ဒကာမတွေ ဘေးမဲ့လွှတ်ထားတဲ့ ကျွဲ၊ နွားနဲ့ ဝက်တွေကို သိမ်တော်နဲ့ ဓမ္မာရုံလိုကုန်းမြင့်ပိုင်းနေရာတွေကို အရေးပေါ်ရွှေ့ပြောင်းပေးထားရပါတယ်။
အဲဒီတိရစ္ဆာန်တွေထဲက အုပ်စုမဝင်ဘဲ ရန်လိုတဲ့ကျွဲထီးကြီး ၁ ကောင်ကိုတော့ အခြားကျွဲတွေနဲ့ မခွေ့စေဖို့အတွက် ဘုရားဆင်းတုတော်ရှေ့မှာ သီးသန့် ချည်နှောင်ထားရတယ်လို့ သိရပါတယ်။


















