Border News Agency
မဲဆောက်၊ နိုဝင်ဘာ ၂၈။
ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်၊ နယ်စပ်လမ်းကြောင်းတလျှောက်မှာ နိုဝင်ဘာလ ၂၈
ရက်၊ ဒီနေ့ မြန်မာနိုင်ငံဘက်ခြမ်းသို့ နယ်စပ်ဖြတ်ကျော်ခိုးသွင်းနေတဲ့ စတားလင့်စက်အလုံးလေးဆယ်နဲ့ လူငါးဦးကို ပူးပေါင်းလုံခြုံရေးအဖွဲ့ကဖမ်းဆီးရမိခဲ့ပါတယ်။
ရာချာမနူးအထူးတပ်ဖွဲ့လက်အောက်ခံ အမှတ် (၁၄၁၃) ခြေလျင်တပ်ခွဲဟာဖုတ်ဖရမြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ ဖုတ်ဖရရဲစခန်းနဲ့ ဘန်ဝါလေတောင်ကျေးရွာလုံခြုံရေးအဖွဲ့တို့နဲ့ ပူးပေါင်းပြီး နယ်မြေကင်းလှည့်စစ်ဆေးမှုတွေ ဆောင်ရွက်နေချိန် သံသယဖြစ်ဖွယ်ယာယီတည်းခိုနေရာတခုကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရတာပါ။
အဲဒီလိုဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ တရုတ်နိုင်ငံသားတဦးနဲ့ မြန်မာနိုင်ငံသားလေးဦး စုစုပေါင်းငါးဦးကို စတားလင့်စက်လေးဆယ်လုံးနဲ့ ဆက်စပ်ပစ္စည်းဆယ့်သုံးမျိုးကိုသိမ်းဆည်းရမိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာတိုက်ရိုက်သုံးမရတဲ့ စတားလင့်စက်တွေကို ဘန်မော်ကဲထိုင်းနဲ့ ဘန်ဝါလေတောင်လမ်းကြောင်းတလျှောက်မှာ ခိုးသွင်းထားတာဖြစ်ပြီး မြန်မာဘက်မှ မီးစက်တွေနဲ့ လျှပ်စစ်ဓာတ်အားပေးပြီး ဝါယာကြိုးတွေနဲ့ပြန်ဆွဲယူသုံးစွဲဖို့ စီစဉ်နေခဲ့ကြတာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူငါးဦးမှစွပ်စွဲချက်တွေကိုဝန်ခံထားပြီး ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိတဲ့ပစ္စည်းတွေနဲ့အတူ ဖုတ်ဖရရဲစခန်းသို့ လွှဲပြောင်းကာ ဥပဒေအရဆက်လက်အရေးယူဆောင်ရွက်နေပါတယ်။














