Border News Agency
ချင်းမိုင်၊ နိုဝင်ဘာ ၂၈။
ထိုင်း-မြန်မာနယ်စပ်ချင်းမိုင်ခရိုင်၊ ဖန်မြို့နယ်၊ မဲငွန်ကျေးရွာအုပ်စုအတွင်းရှိ ဘန့်လွန် အခြေစိုက်စခန်းအနီးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က ဘိန်းဖြူလေးဆယ်လေးကီလိုဂရမ်နဲ့အတူ သံသယရှိသူ သုံးဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့ပါတယ်။
ထိုင်းစစ်တပ်ရဲ့ ဖာမောင်းတပ်မ (Pha Muang Force) လက်အောက်ခံ ချိုင်းယနုဖတ် အထူးတပ်ဖွဲ့ (Chaiyanuphap Task Force) က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်စစ်ဆေးနေစဉ် မသင်္ကာဖွယ်ဆိုင်ကယ်တွေကို ရပ်တန့်စစ်ဆေးရာကနေ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
စစ်ဆေးမှုအတွင်း ဆာလာအိတ်တွေထဲ ထည့်သွင်းဝှက်ယူလာတဲ့ ပလတ်စတစ်ဘူးရှစ်ဆယ့်ခြောက်ဘူးအတွင်းမှ စုစုပေါင်း အလေးချိန်လေးဆယ်လေးကီလိုဂရမ်ခန့်ရှိတဲ့ ဘိန်းဖြူတွေနဲ့အတူ နံပါတ်ပြားမပါရှိတဲ့ Honda Wave 110i အမျိုးအစား ဆိုင်ကယ် ငါးစီးကိုလည်း သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိသူ သုံးဦးနဲ့ သက်သေခံ မူးယစ်ဆေးဝါးတွေကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့နဲ့ ကွင်းဆက်တရားခံတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့အတွက် သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အရာရှိတွေဆီ လွှဲပြောင်းပေးအပ်ထားပြီးဖြစ်ပါတယ်။













