Border News Agency
မီဇိုရမ်၊ နိုဝင်ဘာ ၂၈။
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊ ကျိုင်ဖိုင်းမြို့မှာ မြန်မာနိုင်ငံဘက်က တရားမဝင်တင်သွင်းလာတဲ့ မှောင်ခိုစီးကရက်တွေကို အာသံရိုင်ဖယ်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်သူတစ်ဦးကို ထိန်းသိမ်းထားပါတယ်။
ကျိုင်ဖိုင်းမြို့၊ Jail Road တဝိုက်ရှိ စက်သုံးဆီအရောင်းဆိုင်အနီးမှာ နိုဝင်ဘာလ ၂၄ ရက်နေ့က အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းစစ်ဆေးရေးဆောင်ရွက်စဉ် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
စစ်ဆင်ရေးအတွင်း ခန့်မှန်းတန်ဖိုး အိန္ဒိယရူပီ ကိုးဆယ်သုံးသန်းဒသမခြောက်ဆယ်သိန်းရှိတဲ့ V အမှတ်တံဆိပ် စီးကရက်သုံးဆယ့်ကိုးဖာကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင်မှောင်ခိုစီးကရက်တွေကို တရားမဝင် သယ်ဆောင်ရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်သူ တဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။
လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းခံရသူနဲ့ သိမ်းဆည်းရမိတဲ့ မှောင်ခိုစီးကရက်တွေကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ဖို့ Legal Metrology Department, Champhai ဆီ စနစ်တကျ လွှဲပြောင်းပေးအပ်ထားပြီး ဖြစ်ပါတယ်။








