Border News Agency
မန္တလေး၊နိုဝင်ဘာ ၂၈။
မန္တလေး-ဗန်းမော်ကားလမ်းမကြီးဘေးမှာ အခြေပြုလှုပ်ရှားနေတဲ့ အာဏာသိမ်းစစ်တပ် ခလရ ၁၄၈ တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက နှစ်ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အာဏာသိမ်းစစ်တပ်သား ဆယ့်ခုနှစ်ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသကထုတ်ပြန်ပါတယ်။
ပထမအကြိမ်အဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့က ဆိပ်ငူလမ်းခွဲနဲ့ သဲဖြူချောင်းတို့မှာ အခြေပြုနေတဲ့ စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး သေနတ်ငါးလက်၊ကျည်ဆံ သုံးရာနှစ်ဆယ့်ကိုးတောင့်၊ လက်ပစ်ဗုံးငါးလုံးနဲ့ မိုင်းတွေ သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း မန္တလေး-ဗန်းမော် ကားလမ်းမကြီးဘေးရှိ စစ်တပ်ကို ထပ်မံတိုက်ခိုက်ခဲ့ရာ ကိုးဦးထက်မနည်း ထပ်မံသေဆုံးခဲ့ပြီး သေနတ် လေးလက်၊ ကျည်ဆံသုံးရာရှစ်ဆယ့်ခုနှစ်တောင့်၊ ကျည်ကာဦးထုပ် သုံးလုံး၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ မူးယစ်ဆေးဝါး အများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစစ်ဆင်ရေးတွေကို ကသာခရိုင် အမှတ် ၅ တပ်ရင်း၊ အမှတ် ၃ တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်း အထူးတပ်ဖွဲ့နဲ့ အင်းရွာတိုက်နယ် ပကဖ မဟာမိတ်အဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။









