Border News Agency
ကျောက်မဲ၊ စက်တင်ဘာ ၂၅။
တအာင်းပြည်၊ ကျောက်မဲနဲ့ သီပေါမြို့တွေမှာသတင်းရယူဖို့ စစ်ကော်မရှင်တပ်မှလွှတ်ထားတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)နဲ့သတင်းပေး(ဒလန်)ဆယ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းတပ်မတော်က စက်တင်ဘာလ ၂၅ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
သူတို့တွေကို တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေပူးပေါင်းပြီး ရှောင်တခွင်စစ်ဆေးတာတွေလုပ်ရင်း ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
လားရှိုးမြို့အတွင်းရှိ စစ်ကော်မရှင်တပ်မှ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့မြို့နယ်တွေကဂိတ်နေရာတွေ၊ဂိတ်တွင်းရှိလူအင်အား၊ လက်နက်အင်အားတွေ၊ဌာနဆိုင်ရာအင်အားတွေ၊တပ်စခန်းနေရာတွေ၊လူစုလူဝေးများတဲ့နေရာတွေမှာ သတင်းယူပြီးလေကြောင်းတိုက်ခိုက်မှုအပြီးထိရောက်မှုရှိမရှိကိုစုံစမ်းထောက်လှမ်းရယူခဲ့တယ်လို့ဆိုပါတယ်။
အဲဒီနောက် စစ်ကော်မရှင်တပ်ဟာ လွယ်လွယ်ကူကူဝင်ရောက်နိုင်မယ့်လမ်းနဲ့ ထောက်ပို့လမ်းကြောင်းအခြေအနေတွေကိုလည်း အဓိကထောက်လှမ်းပြီး သတင်းပေးပို့ခဲ့တယ်လို့ဆိုပါတယ်။
သူတို့တွေဟာမြို့အတွင်းသို့လမ်းလျှောက်တာ၊ဆိုင်ကယ်၊လိုင်းကား၊အိမ်ကား၊တွေနဲ့ သူဌေးယောင်ဆောင်ထားတာ၊ သူတောင်းစားယောင်ဆောင်တာ၊ခရီးသွားတွေလိုပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်ပြီးသတင်းတွေထောက်လှမ်းယူခဲ့တယ်လို့ဆိုပါတယ်။
သူတို့အချင်းချင်းဆက်သွယ်မှုလုပ်ရာမှာလည်း လက်ဟန်အမူအရာ၊ လက်ဖက်ရည်ဆိုင်၊ လမ်းဘေးကွမ်းယာဆိုင်နဲ့လူရှင်းတဲ့နေရာတွေမှာလူချင်းတွေ့ကာ တဦးနဲ့တဦးသတင်းပေးပြီး စစ်ကော်မရှင်ထံ အွန်လိုင်းပလက်ဖောင်းဖြစ်တဲ့ Viber/Facebook/ Wechat/ Telegram တွေနဲ့သတင်းပေးပို့ခဲ့ကြတယ်လို့ဆိုပါတယ်။
ကျောက်မဲနဲ့ သီပေါမြို့နယ်မှာ စစ်ကော်မရှင်တပ်မှလွှတ်ထားတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စဖရ)တွေအပြင် စစ်ကော်မရှင်ထံသတင်းပေး(ဒလန်)တွေကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဟာ တအာင်းပြည်က မြို့နယ်တွေမှာ စစ်ဘက်ရေးရာလုံခြုံရေးအများကြီးလွှတ်ထားပြီး အဲဒီဖမ်းဆီးရမိသူတွေကို TNLA ကလုံခြုံစိတ်ချတဲ့နေရာမှာ ကောင်းမွန်စွာထိန်းသိမ်းထားပြီး ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပေါ်လွင်ပါက တအာင်းပြည် ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့လည်းဆိုပါတယ်။






