Border News Agency
ပုဏ္ဏားကျွန်း၊ နိုဝင်ဘာ ၁၄။
စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အောက်တိုဘာလအတွင်း အရပ်သားတရာ့ရှစ်ဆယ်ငါးဦး သေဆုံးသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနမှ နိုဝင်ဘာလ ၁၃ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်နှစ်ရာ့ငါးဆယ်အထိ ကျူးလွန်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတရာ့ရှစ်ဆယ်ငါးဦး သေဆုံးပြီးငါးရာနှစ်ဆယ့်နှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
အဲဒီသေဆုံးသူတွေထဲမှာ အသက်ဆယ့်ရှစ်နှစ်အောက် ကလေးသုံးဆယ်ရှစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် အောက်တိုဘာလတလတည်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ဆယ့်တကြိမ်ကျူးလွန်ခဲ့ပြီး ဆယ့်ရှစ်နှစ်အောက်ကလေး ဆယ့်ခြောက်ဦး အပါအဝင်စုစုပေါင်း တရာ့တဆယ့်ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီးတလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ငါးရာ့ငါးဆယ်ကိုးမှုကို ပုံစံမျိုးစုံနဲ့ ကျူးလွန်ခဲ့ပြီး ဒီလိုလုပ်ရပ်တွေအပေါ် နိုင်ငံတကာကအရေးယူနိုင်ဖို့၊ ကျူးလွန်ခံရသူတွေရဲ့ နစ်နာမှုအတွက် တရားမျှတမှုရရှိစေဖို့ သက်သေအထောက်အထား အပြည့်အစုံနဲ့ စုဆောင်းထားတယ်လို့လည်း ဆိုပါတယ်။
(ဓာတ်ပုံ – စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ သေဆုံးသွားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှ အမျိုးသမီးတဦး / ပေးပို့)






