Border News Agency
ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၄။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို အောက်တိုဘာလ ၄ ရက်၊ညနေ ၅ နာရီ ၁၀ မိနစ်အချိန်ခန့်မှာ အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်နှစ်စီးနဲ့တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ခြောက်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုနဲ့ ယိုးငူကျေးရွာကြားမှာရှိတဲ့ ယိုးငူ (ဗျာလ) စစ်ဘေးရှောင်စခန်းကို လေကြောင်းမှ ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာလို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းအတွင်းရှိ နေအိမ်တွေနဲ့ ဈေးဆိုင်အများအပြား မီးလောင်ပျက်စီးခဲ့ရပြီး အသက်ရှင်ကျန်ရစ်သူတွေဟာလည်း ကြောက်လန့်တကြားနဲ့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ခုလက်ရှိအချိန်အထိ မီးလောင်ကျွမ်းမှုတွေကို ဝိုင်းဝန်းငြှိမ်းသတ်နေရဆဲဖြစ်ပြီး အပျက်အစီးတွေကြားမှ သေဆုံးသူ ရုပ်အလောင်းငါးလောင်းကို ရှာဖွေတွေ့ရှိထားသလို ကျန်ရှိနေတဲ့ရုပ်အလောင်းတွေကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။



















