Border News Agency
ဆောထိ၊ နိုဝင်ဘာ၂၀။
ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်နဲ့မူးမြို့နယ်မှာ စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးနဲ့ပစ်ခတ်လို့ အမျိုးသမီးတဦးဒဏ် ရာရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဆောထိမြို့နယ်၊ ရိုးဒိုင်းကျေးရွာက အသက်နှစ်ဆယ်တနှစ်အရွယ် မအေးမြသူဖြစ်ပါတယ်။
အဲဒီရိုးဒိုင်းကျေးရွာကို နိုဝင်ဘာလ ၁၅ရက်နေ့က စစ်ကော်မရှင်တပ်က လက်နက်ကြီးပစ်ခတ်တာကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရသွားတာလို့ဆိုပါတယ်။
အဲဒီအပြင်မူးမြို့နယ်ကိုလည်း နိုဝင်ဘာလ ၁၃ရက်နေ့က စစ်ကော်မရှင်တပ်က အသေခံဒရုန်းနဲ့ဝဲကြီးကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းကို ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် ဆိုလာပြားတချပ်ထိမှန်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကော်မရှင်တပ်က လူနေကျေးရွာတွေကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ပစ်ခတ်နေလို့ ဒေသခံတွေမှာ စိုးရိမ်ကြောက်ရွံ့နေကြရတယ်လို့လည်းဆိုပါတယ်။






