Border News Agency
လယ်ဒို၊ ဒီဇင်ဘာ ၁၃။
ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်မှာ စစ်ကော်မရှင်တပ် ပစ်ခတ်တိုက်ခိုက်လို့ သံဃာတော်တပါးအပါအဝင် အရပ်သားသုံးဦးသေဆုံးပြီး ကလေးတဦး ဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဒီဇင်ဘာလ ၁၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလယ်ဒိုမြို့နယ်၊ လိန်ပင်ကျေးရွာကို ဒီဇင်ဘာလ ၁၀ရက်၊ ညအချိန်မှာ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက်လေးဆယ်ခြောက်နှစ်အရွယ် ကစောဖားဟော်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စောဘိုဝရဲ့ နွားခြောက်ကောင်သေဆုံးခဲ့ပြီး လက်တွန်းထွန်စက်နှစ်စီးပျက်စီးခဲ့ပြီး စောဘိုမင်း၊ စောစိုးမင်း၊ စောမောင်တင်ဝင်းတို့ နေအိမ်တွေလည်း ပျက်စီးသွားသလို နော်ဖေါဖေါရဲ့ ကုန်စုံဆိုင်တလုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်တပ်ရဲ့ နတ်သံကွင်းအထိုင်တပ်မှ ရွှေခဲစုကျေးရွှာကို လက်နက်ကြီးပစ်ခတ်လို့ အသက်လေးဆယ်ခုနှစ်နှစ်အရွယ် ဒေါ်ထွေးထွေး သေဆုံးခဲ့သလို နေအိမ်အများအပြားလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး ကျောက်စရစ်အရှေ့ဘက်ကမ်းကျေးရွာကိုလည်း ဒီဇင်ဘာလ ၈ ရက်နေ့က စစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အသက်ခုနှစ်ဆယ့်ရှစ်နှစ်အရွယ် ဦးဇင်း ဦးစန္ဒိမာပျံလွန်တော်မူပြီး အသက်ခုနှစ်ဆယ့်ခြောက်နှစ်အရွယ် ဒေါ်စိန်မြိုင်သေဆုံးကာ အသက်ဆယ့်သုံးနှစ်အရွယ်မောင်နေဇော်အောင် ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဘုန်းကြီးကျောင်းနှစ်ကျောင်း၊ ဆေးရုံတလုံးပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် အပြစ်မဲ့အရပ်သား ပြည်သူတွေဟာ ပစ္စည်းဥစ္စာတွေပျက်စီးဆုံးရှုးခဲ့ရသလို နေအိမ်နဲ့အသက်ပေါင်းများစွာသေဆုံးခဲ့ရပြီး နေရပ်စွန့်ခွာထွက်ပြေးနေရတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

















