Border News Agency
စစ်တောင်း၊ ဒီဇင်ဘာ ၃၁။
စစ်တောင်းမြစ်အရှေ့ဘက်၊ အိုးမြေတူးကျေးရွာရှိ စစ်ကော်မရှင်တပ်အထိုင်စခန်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့၊ မနေ့က တော်လှန်ရေးတပ်တွေဝင်တိုက်ခိုက်ခဲ့တယ်လို့ ထနောင်းစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်ရဲ့ အိုးမြေတူးကျေးရွာ အထိုင်စခန်းအပါအဝင် ကင်းစခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရပြီး စစ်တောင်းမြစ်အနောက်ဖက်ကမ်းသို့ ထွက်ပြေးသွားခဲ့ကြပေမယ့် စစ်သုံ့ပန်းသုံးဦးဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ၆၀ မမ တလက်၊ MA – ၁၃ နှစ်လက်၊ RPG သီးခြောက်လုံး၊ ပို့ယမ်းကိုးခု၊ MA – ၁၃ဘောက်သုံးဘောက်၊ ကိုးမီလီမီတာကျည်တချို့၊ ၆၀ သီးနှစ်လုံး၊ ၅.၅၅ကျည်အချို့၊ ရှေ့ထွက်မိုင်းငါးလုံး၊ စစ်သုံးပစ္စည်းတချို့၊ ဆိုလာ၊ ဘတ္ထရီတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကျဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအထိုင်စခန်းကို အမှတ် ၈၀၅၊ အမှတ် ၈၀၉၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်၊ သံတောင်မြောက်ပိုင်းအဖွဲ့တွေ ဝင်တိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်တပ် စစ်ကူအင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာတာမို့ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် စစ်တောင်းမြစ်ကမ်းဝန်း ကျင်ရှိ ပြည်သူတွေ အပြင်မသွားဖို့ စစ်ရေးအမိန့်ထုတ်အသိပေးထားပါတယ်။






