Border News Agency
မင်းဘူး၊ ဒီဇင်ဘာ ၃၁။
မင်းဘူးမြို့၊ ကန်ရေကျေးရွာအနီးမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့၊ ညနေ ၅ နာရီအချိန်က ငွေကျပ် ၃၇ ဒသမ ၄၆၅၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးပြားတွေ ဖမ်းမိခဲ့တယ်လို့ စစ်ကော်မရှင် ထုတ်ပြန်ပါတယ်။
အဲဒီစိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉၈၆၂ သန်းကို အောင်ဇင်ဝင်း (ခ) ဖိုးခွား မောင်းနှင်ပြီး မောင်မောင်သန့် လိုက်ပါလာတဲ့ခြောက်ဘီးကားမှ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဖမ်းဆီးခဲ့တာပါ။
အဲဒီအပြင် မကွေးမြို့၊ နတ်မောက်လမ်းရှိဟိုတယ်မှာလည်း ဒီဇင်ဘာလ ၂၅ ရက်နေ့က ကားတစီးနဲ့အတူ မူးယစ်ဆေးဝါးတွေ ထပ်မံဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေကို နေမျိုးအောင်၊ မညိုညိုသက် နဲ့အတူ ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။
နောက်ပြီး အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ နေအိမ်မှလည်း မူးယစ်ဆေးဝါးသယ်ဆောင်ရာမှာ အသုံးပြုတဲ့ HYUNDAI STAREX ကားတစီးကို ထပ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေဟာ မင်းတုန်းမြို့မှရခိုင်ပြည်သို့ သယ်ရောင်းမှာဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ ဆိုပါတယ်။
နောက်ထပ် ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်ဖော်ထုတ်အရေးယူနေသလို ငွေကြေးအကျိုးအမြတ်တွေ၊ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဆက်အရေး ယူသွားမယ်လို့ ဆိုပါတယ်။






