Border News Agency
မကွေး၊ ဇန်နဝါရီ ၂၁။
မကွေးတိုင်း၊ ကျောက်ထုမြို့၊ ကျောက်ထုတိုက်နယ်မှာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးသွားတယ်လို့ ယောအလင်းတန်းက ဇန်နဝါရီလ ၂၀ ရက်၊ မနေ့ ထုတ်ပြန်ပါတယ်။
အဲဒီ လယ်ကြီးအိုင်ကျေးရွာကို ဇန်နဝါရီလ ၂၀ ရက်၊ ညနေ ၄ နာရီအချိန်ခန့်က စစ်ရှောင်စခန်းနှစ်နေရာကို ရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် လယ်ကြီးအိုင်ကျေးရွာကို ယာတောမှပြန်လာတဲ့ အသက်ခြောက်ဆယ်နှစ်နှစ်အရွယ် ဦးဖေခင်ရဲ့ ရင်ဘတ်မှာဗုံးစဖောက်ထွင်းဒဏ်ရာရသွားပြီး သေဆုံးသွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ယောမြို့ကျေးရွာမှစစ်ဘေးရှောင်ဖြစ်တဲ့အသက်လေးဆယ့်ခုနှစ်နှစ်အရွယ် ဦးဝင်းတင့်၊ အသက်လေးဆယ့်သုံးနှစ်အရွယ် ဦးဖိုးကောင်း၊ အသက်ငါးဆယ့်ခုနှစ်နှစ်အရွယ် ဦးအောင်မြိုင်နဲ့ အသက်ခြောက်ဆယ့်ခုနှစ်နှစ်အရွယ် ဦးအောင်နုတို့ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ဆိုပါတယ်။
နောက်ပြီးလူနေအိမ် နှစ်လုံးလည်းထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကျောက်ထု၊ ဆော၊ မင်းတပ်နယ်တွေမှာ UAV ကင်းထောက်ဒရုန်းတွေပျံဝဲတာ၊ ATR 47ကင်းထောက်လေယာဉ်ပျံဝဲတာတွေဆက်တိုက်ပြုလုပ်နေပြီး စစ်ရှောင်နေရာတွေကို တိုက်ပွဲဖြစ်ပွားတာတွေမရှိပဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတာလို့ဆိုပါတယ်။
အဲဒါကြောင့် ယောနယ်အတွင်းရှိ ပြည်သူတွေနဲ့ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်ဘက် ပြည်သူတွေအနေနဲ့လည်း လေကြောင်းအန္တရာယ်ကိုပိုပြီး ဂရုစိုက်ကြဖို့ကိုလည်း အသိပေးထားပါတယ်။





















