Border News Agency
ဖရူဆို၊ ဇန်နဝါရီ ၂၂။
ကရင်နီပြည်နယ်အခြေစိုက် ရှမ်းပြည်တောင်ပိုင်းနဂါးတပ်ဖွဲ့ (SSNDF) နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၀၁ မှာရဲဘော်တွေကို တာဝန်အပ်ပွဲပြုလုပ်ခဲ့ပါတယ်။
အဲဒီတာဝန်ခန့်အပ်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်နေ့က တပ်ရင်းနယ်မြေတခုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဇန်နဝါရီလ ၂၁ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီအခမ်းအနားမှာ စိပ်မှူး၊ စုမှူး၊ ခွဲရုံးတာဝန်ခံနဲ့ မဟာမိတ်ဆက်ဆံရေး စတဲ့အရေးကြီးတာဝန်တွေအတွက် ရဲဘော်နဲ့ရဲမေတွေကို ရာထူးတိုးမြှင့်ခန့်အပ်ခဲ့တာပါ။
အဲဒီတာဝန်ခန့်အပ်ခံရတဲ့ ရဲဘော်ရဲမေတွေဟာ ရှေ့တန်းတိုက်ပွဲဝင်တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ဖို့နဲ့ အမိန့်နာခံဖို့အတွက် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။
အခမ်းအနားမှာ တာဝန်သစ်ရရှိသူတွေက ရှေ့ဆက်ရမယ့်တော်လှန်ရေးခရီးကြမ်းမှာ မိမိတို့ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံးကြိုးစားပေးဆပ်သွားမယ်လို့ ပြည်သူလူထုကို ကတိသစ္စာပြုခဲ့ကြတယ်လို့ ဆိုပါတယ်။





























