Border News Agency
မဲဆောက်၊ဖေဖော်ဝါရီ ၅။
ဘန်ကောက်မြို့၊ ဘန်နာခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ မြေအောက်လျှပ်စစ်ကေဘယ်မြောင်းတူးဖော်နေစဉ် မြေပြိုမှုဖြစ်ပွားပြီး မြန်မာလုပ်သားတဦး သေဆုံးသွားတယ်လို့ ထိုင်းသတင်းဖော်ပြချက်အရ သိရပါတယ်။
အဲဒီသုခမွတ်လမ်းမကြီးပေါ်ရှိ ဘန်နာ BTS ဘူတာအနီးမှာ ဖေဖော်ဝါရီလ ၄ ရက်၊ ည ၁၁ နာရီကျော်အချိန်ဖြစ်ပွားခဲ့တာပါ။
အဲဒီ မြေအောက်လျှပ်စစ်ကေဘယ်မြောင်းဟာအနက် ၁၀ မီတာခွဲကျော်ရှိပြီး ကေဘယ်ကြိုးသွယ်တန်းမယ့် ကျင်းကြီးအတွင်းမြေညှိနေစဉ် ရုတ်တရက်မြေပြိုကျခဲ့တာ ဖြစ်ပါတယ်။
အဲဒီမြေပြိုမှုကြောင့် အသက်သုံးဆယ်နှစ်အရွယ် မြန်မာအလုပ်သမား မစ္စတာဝေအယ် (Mr. Wai A Le) ဟာ မြေစာတွေနဲ့ ရွှံ့နွံတွေအောက်ပိတ်မိပြီး သေဆုံးသွားခဲ့တာပါ။
ကယ်ဆယ်ရေးအဖွဲ့တွေက ဝန်ချီစက်နဲ့ကြိုးတွေကိုအသုံးပြုကာ ခက်ခဲစွာဆွဲတင်ခဲ့ရပြီး ဖေဖော်ဝါရီ ၅ ရက်၊ မနက်အစော၂ နာရီအချိန်ခန့်က ရုပ်အလောင်းကို ဆွဲတင်နိုင်ခဲ့ပါတယ်။
အဲဒီလုပ်ငန်းခွင်ရှိ အလုပ်သမားတွေရဲ့ပြောကြားချက်အရ ဘက်ဟိုးစက်နဲ့ကျင်းတူးပြီးနောက် အောက်ခြေမှာမြေညှိဖို့ ဆင်းသွားချိန်မှာ လမ်းဘေးမြေနံရံက ရုတ်တရက်ပြိုကျလာတာဖြစ်ပြီး တခြားသူတွေအချိန်မီလွတ်မြောက်ခဲ့ပေမယ့် မစ္စတာဝေအယ်ကတော့ ပိတ်မိသွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီသေဆုံးသူဟာ မြေပိပြီးအသက်ရှူကျပ်ကာ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆေးရုံစစ်ဆေးချက်တွေက အတည်ပြုထားပါတယ်။
အဲဒီဘန်နာရဲစခန်းက လုပ်ငန်းခွင်ကြီးကြပ်သူတွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေကို ခေါ်ယူစစ်ဆေးနေပြီး လုပ်ငန်းခွင်အတွင်း လုံခြုံရေးအကာအရံ (Safety Shoring) တွေ ထည့်သွင်းထားခြင်းမရှိဘဲ ပေါ့ဆမှုကြောင့်သေဆုံးရတာဆိုရင် ဥပဒေအရအရေးယူသွားမယ်လို့ သိရပါတယ်။



















