Border News Agency
အာဖရိက၊ ဖေဖော်ဝါရီ ၁၄။
ဇင်ဘာဘွေနိုင်ငံကနေစတင်ခဲ့တဲ့ ပန်းအစစ်တွေအစား ငွေစက္ကူတွေကိုပန်းစည်းလုပ်ပြီး လက်ဆောင်ပေးတဲ့ “Money Bouquet” ရေပန်းစားမှုဟာ အာဖရိကတိုက်ကတခြားနိုင်ငံတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့်ကူးစက်နေပါတယ်။
ဒါပေမယ့် ဒီကိစ္စဟာဘဏ္ဍာရေးစနစ်အပေါ် သက်ရောက်မှုရှိနိုင်တာကြောင့် နိုင်ငံအတော်များများက ဗဟိုဘဏ်တွေက စိုးရိမ်မကင်းဖြစ်ပြီး သတိပေးချက်တွေထုတ်ပြန်လာကြပါတယ်။
ဒီ Trend ဟာ TikTok လိုလူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် လူငယ်တွေကြားမှာ အရှိန်အဟုန်နဲ့ပြန့်နှံ့လာတာပါ။
ပိုက်ဆံပန်းစည်းတွေဟာ လှပရုံတင်မကဘဲ လက်တွေ့လည်းအသုံးချလို့ရတဲ့ လက်ဆောင်ဖြစ်တယ်လို့ယူဆကြတာကြောင့် ပိုပြီးလူကြိုက်များလာတာ ဖြစ်ပါတယ်။
ဒါကြောင့် ကင်ညာ၊ ယူဂန္ဓာ၊ ရဝမ်ဒါ၊ ဘော့ဆွာနာနဲ့ နမီးဘီးယားနိုင်ငံတို့က ဗဟိုဘဏ်တွေကငွေစက္ကူတွေကို ပန်းစည်းပြုလုပ်ရာမှာ ဖျက်ဆီးသလိုဖြစ်နေတာ ဒါမှမဟုတ် ပျက်စီးစေတာမျိုးတွေနဲ့ပတ်သက်ပြီး ပြည်သူတွေကို သတိပေးခဲ့ပါတယ်။
ကင်ညာဗဟိုဘဏ် (CBK) ရဲ့ ထုတ်ပြန်ချက်အရ ပိုက်ဆံပန်းစည်းတွေလုပ်တဲ့အခါ ငွေစက္ကူတွေကိုကော်တွေ၊ တိပ်တွေ၊ စတေပလာတွေနဲ့ ရိုက်တာ၊ ဒါမှမဟုတ် အပ်ချိတ်တွေနဲ့ ထိုးတာမျိုးတွေလုပ်နေကြတာကြောင့် ငွေစက္ကူတွေအဆမတန် ပျက်စီးနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီလိုမျိုးပျက်စီးသွားတဲ့ ငွေစက္ကူတွေကို ATM စက်တွေနဲ့ ငွေရေတွက်စက်တွေက လက်မခံဘဲငြင်းပယ်လေ့ရှိတယ်လို့ သိရပါတယ်။
အဲဒီလို သတ်မှတ်သက်တမ်းမပြည့်ခင် ငွေစက္ကူတွေပျက်စီးသွားလို့ စနစ်အတွင်းကဖယ်ရှားပြီး အသစ်ပြန်ရိုက်နေရတာဟာ ကုန်ကျစရိတ်ကို မြင့်မားစေပါတယ်။
နောက်ဆုံးမှာတော့ အခွန်ထမ်းပြည်သူတွေအတွက်သာ ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မယ်လို့ ဗဟိုဘဏ်တွေကသတိပေးထားပါတယ်။






