Border News Agency
နီပေါ၊ ဧပြီ ၁၆။
နီပေါနိုင်ငံသည် တရုတ်၊ အိန္ဒိယ၊ အမေရိကန်ကြားတွင်”ကျောက်တုံးနှစ်ခုကြားကသစ်ဥသစ်ဖု(A Yam between Two Boulders)”ဟု တင်စားခံရသော ပထဝီနိုင်ငံရေးအရအချက်အချာကျသောနိုင် ငံဖြစ်သည်။
အဆိုပါနိုင်ငံကြီးသုံးခုစလုံးက နီပေါ၌ ဩဇာလွှမ်းမိုးရန် နယ်ပယ်အသီးသီးတွင် ရင်းနှီးမြှုပ်နှံမှုများ အပြိုင်အဆိုင် လုပ်နေကြသည်။
အိန္ဒိယနိုင်ငံမှာ နီပေါအတွက် အစဉ်အလာအရရိုးရာအင်အားကြီးနိုင်ငံ (Traditional Power)ဖြစ်သည်။
အိန္ဒိယနှင့်နီပေါ ကြားတွင် ယဉ်ကျေးမှု၊ ဘာသာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်နယ်ပါယ်အသီးသီးတွင် အနီးစပ်ဆုံးဖြစ်ပြီး နီပေါ၏အကြီးဆုံးကုန်သွယ်ဖက်လည်းဖြစ်သည်။
အိန္ဒိယက နီပေါတွင်ရေအားလျှပ်စစ် (Hydropower)ပိုင်းတွင် အဓိကရင်းနှီးမြှုပ်နှံထားသည်။ အာရန်သရီး(Arun-III)
ရေအားလျှပ်စစ်စီမံကိန်းကဲ့သို့ အကြီးစားစီမံကိန်းများတွင် အိန္ဒိယသည်ဒေါ်လာသန်းပေါင်းများစွာရင်းနှီးထားသည်။ နီပေါမှထွက်သောလျှပ်စစ်ကို အိန္ဒိယကပြန်ဝယ်ယူရန် သဘောတူညီချက်များရှိသည်။
နီပေါ-အိန္ဒိယနယ်စပ်တွင် ကုန်စည်စီးဆင်းမှုလွယ်ကူစေရန် ရထားလမ်းများ၊ စစ်ဆေးရေးဂိတ်(Integrated Check Posts)များနှင့် လောင်စာဆီပိုက်လိုင်းစသည့် ဆက်သွယ်ရေးလမ်းကြောင်များကို အိန္ဒိယကတည်ဆောက်ပေးထားသည်။
ဗုဒ္ဓဘာသာ၊ဟိန္ဒူဘာသာစသည့် ဘာသာရးဆိုင်ရာဘုရားဖူးလမ်းကြောင်း (Religious Circuits)စသည့် ဘာသာရေးနှင့်ခရီးသွားလာရေးနယ်ပါယ်များတွင် အိန္ဒိယအဓိကကူညီရင်းနှီးပေးထားသည်။
တရုတ်နိုင်ငံ(China)သည် နီပေါအတွက်ပင်မဟုတ် ကမ္ဘာကြီးတခုလုံးအတွက်လည်း အသစ်ထွက်ပေါ်လာသည့် အင်အား(Emerging Power)ဖြစ်သည်။
နီပေါကဲ့သို့ နိုင်ငံအတွက်ဆိုလျှင် တရုတ်နှင့်အိမ်နီးချင်းဖြစ်နေ၍ တရုတ်ပါဝါ၏ရိုက်ခတ်မှုကို သိသိသာသာခံရသည်။
တရုတ်၏ခါးပတ်လမ်းစီမံကိန်း(Belt and Road Initiative(BRI))မှတဆင့် နီပေါတွင် တရုတ်၏ဩဇာလွမ်းမိုးမှုအတွက် အကြီးအကျယ်ခြေကုပ်ယူရန်ကြိုးစားနေသည်။
ပိုခါရာ(Pokhara)နိုင်ငံတကာလေဆိပ်နှင့် ဂေါတမဗုဒ္ဓလေဆိပ်စီမံကိန်းစသည့် အခြေခံအဆောက်အအုံ(Infrastructu re) များတည်ဆောက်ရေးတွင် တရုတ်ကနီပေါအားငွေချေးပေးထားသည်။
ထိုပြင် တရုတ်-နီပေါနယ်စပ်လမ်းမကြီးများကိုလည်း တရုတ်ကအဆင့်မြှင့်တင်နေသည်။
ဟိမဝန္တာဖြတ်ကျော်ရထားလမ်း (Trans-Himalayan Railway)သည်တိဗက်လာဆာ(Lhasa)မှနီပေါ၏ခေတ္တမန္ဒူ (Kathmandu)ထိ တောင်တန်းများကို ဖြတ်ဖောက်မည့်ရထားလမ်းစီမံကိန်းဖြစ်ပြီး ထိုရထားလမ်းသည် တရုတ်၏တောင်အာရှဩဇာကွန်ရက်ကို ဖြန့်ကျက်မည့်အကြီးမားဆုံးနှင့် ရည်မှန်းချက်အကြီးဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်လာမည်ဖြစ်သည်။
နီပေါ၌ အိန္ဒိယနှင့်တရုတ်ကြား ထိပ်တိုက်တွေ့ကြသောနယ်ပါယ်မှာ ဆက်သွယ်ရေးနယ်ပါယ်ဖြစ်သည်။
နီပေါ၏အင်တာနက်လိုင်းအများစုမှာ ယခင်ကအိန္ဒိယမှလာခဲ့သော်လည်းနောက်ပိုင်း တရုတ်အင်တာနက်ကေဘယ်ကြိုးများက တိဗက်ကတဆင့် သွယ်တန်းရင်းနှီးမြုပ်နှံပေးထားသည်။
အမေရိကန်ပြည်ထောင်စု(USA)နှင့် တရုတ်သည် ယခုအချိန်၌ နယ်ပါယ်အသီးသီးတွင်ယှဉ်ပြိုင်နေသည်။
တရုတ်က ဆင်းရဲသောနိုင်ငံငယ်များ၏ အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများတွင် ထဲထဲဝင်ဝင်ပါဝင်လာကာ ငွေကြေးအရင်းအနှီးအားချေးငွေစနစ်ဖြင့် ဩဇာထူထောင်နေမှုအားတန်ပြန်ရန် အမေရိကန်မှဖွံ့ဖြိုးရေးနှင့် တန်ပြန်မဟာဗျူဟာကို ခင်းကျင်းလာသည်။
နီပေါနှင့်ပတ်သက်၍ အမေရိကန်အတွက် ဦးတည်ချက်မှာ တရုတ်၏BRIကိုတန်ပြန်ရန်နှင့်နီပေါ၏ဒီမိုကရေစီယန္တရားကို ထိန်းကျောင်းရန်အတွက် ရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်လာသည်။
MCC (Millennium Challenge Corporation)ကဲ့သို့ ဒေါ်လာသန်းငါးရာတန်ဖိုးရှိသောထောက်ပံ့ငွေများဖြင့် နီပေါတွင် လျှပ်စစ်ဓာတ်အားလိုင်း (Transmission Lines)လမ်းပိုင်ဆိုင်ရာများတွင် အဆင့်မြှင့်ရန်လုပ်ဆောင်ခဲ့သည်။
MCC စီမံကိန်းက နီပေါသမိုင်းတွင် အမေရိကန်၏အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်လာခဲ့သည်။
လူသားချင်းစာနာမှုနှင့်ကျန်းမာရေးနယ်ပါယ်များတွင် USAIDမှတဆင့် နီပေါအတွက်ကျန်းမာရေး၊ပညာရေး၊သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများတွင်နှစ်ပေါင်းများစွာကပင် ရင်းနှီးမြှုပ်နှံပေးထားမှုများရှိသည်။
ထိုကဲ့သို့ စူပါပါဝါများ၏ရင်းနှီးမြှုပ်နှံမှုများကြားတွင် နီပေါအနေဖြင့်မည်သည့်နိုင်ငံကိုမှ တဖက်သပ်မရပ်ရဲဘဲ”ဘက်ခွခြင်း(Hedging)ဗျူဟာ”ကိုကျင့်သုံးကာ အကျိုးအမြတ်ရရန်ကြိုးစားနေရသည်။
မည်မျှပင်ဘက်ခွနေပါစေ… စူပါပါဝါဟူသည် ကိုယ်ကသာ တဘက်လူကိုလူပါးဝလူလည်ကျမည်။ ကိုယ့်ကို တဖက်လူက လူပါးဝ လူလည်ကျမှုကို သည်းခံမည်မဟုတ်ပေ။
သို့ဖြစ်၍ နီပေါရှိ အမေရိကန်၏MCC ကိစ္စအပေါ် တရုတ်ကန့်ကွက်သည်။ တရုတ်၏BRI ကိစ္စကို အိန္ဒိယစိုးရိမ်သံသယစိတ်အမြဲရှိနေသည်။
နီပေါတွင် တရုတ်၊အိန္ဒိယ၊အမေရိကန်ပါဝါသုံးခု ထိပ်တိုက်တိုးခဲ့မှုက အမေရိကန်၏MCC (Millennium Challenge Corporation)နှင့်SPP(State Partnership Program)စသည့် စီမံကိန်းများတွင် ပို၍ထင်သာမြင်သာရှိခဲ့ပြီး နီပေါ၏နိုင်ငံတွင်းတည်ငြိမ်မှုနှင့် သံတမန်ရေးပေါ်တွက် လှုပ်ခတ်သွားခဲ့သည်။
အမေရိကန်စီမံကိန်းများနှင့် နီပေါနိုင်ငံရေးဇာတ်ကောင်တဦး
အမေရိကန်စီမံကိန်းများနှင့်ပတ်သက်၍ တရုတ်၊အိန္ဒိယထံမှဖိအားကို ရင်ဆိုင်ခဲ့ရသူမှာ ထိုအချိန်ကဝန်ကြီးချုပ်ရှာ ဘာဟာဒူးဒူဘာ(Sher BahadurDeuba) ဖြစ်သည်။
MCC စာချုပ်အား နီပေါအစိုးရမှ ၂၀၁၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
၂၀၂၀ ခုနှစ်တွင် နီပေါကွန်မြူနစ်ပါတီအတွင်း သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့သည်။
ထိုသဘောထားကွဲလွဲမှုထဲတွင် MCC စီမံကိန်းသည်လည်း နိုင်ငံရေးအရအကြီးအကျယ် ငြင်းခုံစရာဖြစ်လာခဲ့သည်။
MCC စီမံကိန်းအားလွှတ်တော်တွင် အတည်ပြုရန်ကြိုးစားလာသောအခါ ပြင်းပြင်းထန်ထန်ကန့်ကွက်ခံလာရတော့သည်။
ဝန်ကြီးချုပ်ရှာဘာဟာဒူးဒူဘာ(Sher Bahadur Deuba)က နီပေါကွန်ဂရက်ပါ တီ(Nepali Congress)၏ခေါင်းဆောင် တဦးဖြစ်သည်။
သူက MCC စီမံကိန်းအား လွှတ်တော်တွင် အတည်ပြုနိုင်ရန်အဓိကတွန်းအားပေးခဲ့သူဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြည်တွင်းကန့်ကွက်မှုများပြင်းထန်နေသည့်ကြားမှ သူ့၏ညွန့်ပေါင်းအစိုးရအဖွဲ့ကM CC စီမံကိန်းအား လွှတ်တော်တွင်အတည်ပြုနိုင်အောင်လုပ်ဆောင်နိုင်ခဲ့သည်။
ဘာကြောင့်အမေရိကန်၏ MCC စီမံကိ န်းနှင့်SPP စီမံကိန်းကိုကန့်ကွက်ကြတာလဲ။
ပထမတချက်က တရုတ်နှင့်အမေရိကာန်ကြား တင်းမာမှုကြောင့်ဖြစ်သည်။
ထိုကာလများက တရုတ်နှင့်အမေရိကန်ကြား ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်မှု (Global Rivalry)က ပိုပြင်းထန်နေချိန်ဖြစ်သည်။
နီပေါလူထု၏နိုင်ငံရေးရေချိန်တွင် ခံစားချက်တခုရှိသည်။ ထိုခံစားချက်မှာနီပေါဟူသည် အိန္ဒိယနှင့်တရုတ်ကြားတွင်ညှပ်နေသော နိုင်ငံငယ်တခုဖြစ်သည်။
ထိုစူပါပါဝါနှစ်ခုရန်ဖြစ်ကြလျှင် အလိုလိုနေရင်း နီပေါမှာဖွဖွကြေသွားနိုင်သည်ဟူသော ခံစားချက်ဖြစ်သည်။
ထိုခံစားချက်က ပါဝါကြီးများ၏အားပြိုင်မှုကြားမှ လွတ်အောင်နေခြင်းသည်နီပေါ၏ အကျိုးစီးပွားဖြစ်သည်ဟူသောအမြင်ကို ဖြစ်လာစေသည်။
ထိုအမြင်က MCC နှင့်SPP ကိစ္စတွင် ” အမေရိကန်နှင့်တရုတ်ကြားတွင်ညှပ်သွားနိုင်သည်”ဟူသော အမြင်ကိုထပ်ဖြစ်လာစေသည်။
ဒုတိယအချက်က နိုင်ငံရေးညစ်ပတ်မှုကြောင့်ဖြစ်သည်။ စူပါပါဝါများကြားတွင် ညှပ်နေမည့်ကိစ္စအား နီပေါလူထုမလိုလားသောကိစ္စမှာလူထု၏ သမရိုးကျနိုင်ငံရေးဆန္ဒသာဖြစ်သည်။
ထိုသမရိုးကျအမြင်တွင် သူ့အကြောင်းအကျိုးနဲ့သူကိုက်ညီမှုရှိသည်။ သို့သော် ၂၀၂၂ ခုနှစ်သည်နီပေါရွေးကောက်ပွဲ နီးကပ်လာသောအချိန်ဖြစ်နေသည်။
ထိုအခါ နိုင်ငံရေးပါတီများက နီပေါလူထု၏”စူပါပါဝါများကြားတွင်ညှပ်နေမည်ကိုမလိုလား”သောအချက်အပေါ်တွင် ကုလားဖန်ထိုးကာ”အချုပ်အခြာအာဏာကိုကာကွယ်ရန်လိုသည်”ဆိုသောအချက်ဖြင့် အာဏာရပါတီအား ထိုးနှက်ကာ လူထု၏လက်ခုတ်သံကို ခြူကြတော့သည်။
အာဏာရပါတီတွင်လည်း လာဘ်စားခြစားမှုများရှိနေသည်။
ညစ်လုံးအကွက်များ
MCC ကဲ့သို့ နှစ်ရှည်နိုင်ငံခြားရင်းနှီးမြုပ်နှံမှုစီမံကိန်းများတွင် ရေရှည်တည်ဆောက်ရေးစီမံကိန်းများအတွက် လုပ်ညငန်းစဉ်အဆင့်ဆင့်များပါရှိသည်။ အချို့လုပ်ငန်းစဉ်အဆင့်များတွင် အပြောင်းအလှဲလုပ်ပေး၍မရသောအချက်များရှိသည်။
ရှေ့ကအစိုးရလုပ်သွားသည့်အချက်ကို နောက်အစိုးရဆက်အကောင်အထည် ဖော်ရမည့်အချက်များရှိသည်။ နောက်အစိုးပြန်လည်ပြုပြင်ပြောင်းလဲနိုင်သောအချက်များလည်းရှိသည်။
ထိုပြင်ငွေကြေးအရင်းအနှီးစိုက်ထုတ်ပေးသောနိုင်ငံ၏ ဥပဒေသက်ရောက်နေသောအပိုင်းလည်းရှိသည်။ စီမံကိန်းကိုလက်ခံ အကောင်အထည်ဖော်မည့်နိုင်ငံ၏ ဥပဒေသက်ရောက်သေအပိုင်းလည်းရှိသည်။
ထိုသို့ဥပဒေသက်ရောက်ရာနယ်ပါယ်များ အပြန်အလှန်လွန်ဆွဲမှုများလည်းရှိသည်။
ဤသဘောတရားများက နိုင်ငံတကာရင်းနှီးမြုပ်နှံမှုလုပ်ငန်းစဉ်များတွင် ဖြစ်လေ့ဖြစ်ထပြဿနာများ၊ အကျိုးအမြတ်များလည်းဖြစ်သည်။
ဤအချက်များကို ဖြေရှင်းရန်မှန်ကန်သောနိုင်ငံရေးစိတ်စေတနာလိုသည်။
သို့သော် နီပေါနိုင်ငံရေးပါတီများကMC Cစီမံကိန်းစာချုပ်အား”နီပေါနိုင်ငံ၏ ပြည်တွင်းဥပဒေများကိုချေဖျက်နိုင်သော အာဏာသက်ရောက်မှုရှိနေသည်။”ဟုဆိုကာ ကိုယ်လိုရာတကွက်ကွက်ကာ ထိုးနှက်ကြတော့သည်။
MCC စီမံကိန်းသည် လျပ်စစ်နှင့်လမ်းများကို အဆင့်မြင့်ရန်စီမံကိန်းသာဖြစ်ပြီး SPP စီမံကိန်းကသာစစ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာစီမံကိန်းဖြစ်သည်။
တရုတ်နှင့်အိန္ဒိယက နီပေါ၏လမ်းပန်းဆက်သွယ်ရေးတွင် ရင်းနှီးမြုပ်နှံထားသည်။
အမေရိကန်၏ MCC စီမံကိန်းများတွင် ထိုလမ်းများအားအရည်အသွေးမြင့်ရန် လျပ်စစ်အဆောက်အအုံများအဆင့်မြင်ရန် အချက်များပါလာသည်။
တရုတ်ဖောက်ထားသောလမ်းများအား အမေရိကန်ကလျပ်စစ်ကြိုးတိုင်များဖြင့် တုတ်နှောင်မည်ဟုလည်း ပြောလျှင်ရပါလိမ့်မည်။
အဘယ်ကြောင့်ဆိုသော လမ်းတံတားများဟူသည် စစ်ရေးအတွက်လည်း အသုံးပြု၍ရသည်မဟုတ်လော။
အမေရိကန်ကလည်း သူ၏ရင်းနှီးမြုပ်နှံမှုကို သူတွင်ကာကွယ်ခွင့်ရှိသည်။
တရုတ်ကလည်း သူ၏ရင်းနှီးမြုပ်နှံမှုကို သူတွင်ကာကွယ်ခွင့်ရှိသည်။
တရုတ်ရင်းနှီးမြုပ်နှံမှုနှင့်အမေရိကန်ရင်းနှီးမြုပ်နှံမှုက တခုနှင့်တခု ထပ်နေသည်။ သို့မဟုတ်နီးကပ်နေသည်ဆိုပါက ပြဿနာကရှိနေသည်။
MCC စီမံကိန်းသည် စစ်ရေးနှင့်ကာကွယ်ရေးဆိုင်ရာ အပေါ် တိုက်ရိုက်ချဉ်းကပ်မှုတော့မဟုတ်ပေ။
SPP စီမံကိန်းကသာ စစ်ရေး၊ ကာကွယ်ရေးဆိုင်ရာနှင့်သက်ဆိုင်နေသည်။
သို့သော် နီပေါနိုင်ငံရေးပါတီများကMC C စီမံကိန်းအား SPPစီမံကိန်းနှင့်ရောထွေးကာ လူထုကိုအစွန်းကုန်ဖြဲခြောက်ကြတော့သည်။
၎င်းတို့ ဖြဲခြောက်ပုံကမည်သို့ပင်ဆိုစေ အမေရိကန်၏ရင်းနှီးမြုပ်နှံမှုများက အမေရိကန်အကျိုးစီးပွားနှင့်ဆိုင်သည်။
ထိုအခါ အမေရိကန်၏တရုတ်အပေါ်တန်ပြန်မည့် အင်ဒို- ပစိဖိတ်စစ်ရေးဗျူ ဟာ(Indo-Pacific Strategy)ထဲတွင် နီပေါပါသွားနိုင်သည်။
နီပေါအနေဖြင့် နိုင်ငံခြားရေးမူတွင် ဘယ်ဘက်ကိုမှမပါသော ဘက်မလိုက်မူဝါဒ(Non-aligned policy)ကို ကျင့်သုံးခြင်းက အကောင်းဆုံးဖြစ်သည်။
သို့သော် MCC စီမံကိန်းသည်အမေရိကန်၏ တရုတ်ဆန့်ကျင်ရေးစစ်ရေးမဟာ ဗျူဟာထဲထည့်စဉ်းစားပါကလည်းစဉ်းစားလို့ရသည်။
အိမ်နီးချင်း တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကိုလည်း MCC စီမံကိန်းကရိုက်ခတ်လာမည်ဖြစ်သည်။
တရုတ်နိုင်ငံကလည်း MCC စီမံကိန်းအား အမေရိကန်၏ခြေကုပ်ယူမှုအဖြစ် မြင်နိုင်သောကြောင့် နီပေါအတွက်အ နာဂတ်တွင်အကျပ်ရိုက်နိုင်သည်”ဆိုပြီး ဖြဲခြောက်ကြသည်။
ထိုအချက်များသည် MCC စီမံကိန်းနှင့် မဆိုင်ဘဲ SPP စီမံကိန်းနှင့်သာဆိုင်သောအချက်များဖြစ်သည်။
SPP စီမံကိန်းသည် စစ်ရေးနှင့်ကာကွယ်ရေးဆိုင်ရာတွင် ပြည်နယ်ချင်းချိတ်ဆက်မှုအစီအစဉ်ဖြစ်သည်။
အမေရိကန်အမျိုးသားအစောင့်တပ်ဖွဲ့ (US National Guard)နှင့်နီပေါစစ်တပ်ကြားတွင် ပူးပေါင်းဆောင်ရွက်ရန်ရည် ရွယ်ချက်ဖြစ်သည်။
ထိုအစီအစဉ်ကြောင့် တရုတ်ဘက်ကနီပေါအား အမေရိကန်၏စစ်ရေးမဟာမိတ်အဖြစ်မြင်လာမည်ကို စိုးရိမ်ကြသည်။
အိန္ဒိယသည် နီပေါ၏လုံခြုံရေးကို အမြဲတန်းစဉ်းစားပေးနေရသည်။
ထိုသို့ စဉ်းစားပေးနေရသည့်အတွက်စစ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စများတွင် အိန္ဒိယကိုကျော်၍ အမေရိကန်နှင့်ပလူးပလဲလုပ်နေပါက အိန္ဒိယကဖြစ်လာမည့်အမြင်မကြည်မှုကိုလည်းလန့်နေရသည်။
နီပေါတွင် မေရိကန်စစ်တပ် ဩဇာလွှမ်းခြုံလာမှုကို တရုတ်ရော၊ အိန္ဒိယပါမကြိုက်ကြချေ။
ထိုအချက်က နီပေါကိုစစ်တလင်းဖြစ်သွားစေနိုင်သောအချက်ဟု ပညာရှင်များကထောက်ပြကြသည်။
SPP စီမံကိန်းနှင့်ပတ်သက်သော စာချုပ်မူကြမ်းလျှို့ဝှက်ချက်များပေါက်ကြားလာသောအခါ နီပေါစစ်တပ်၏လွတ်လပ်မှုကို ထိခိုက်မည်အချက်များပါနေသည်ဟုဆိုကာ ဝေဖန်မှုများရှိနေခဲ့သည်။
သို့သော် နီပေါသည် အမေရိကန်၏ရင်း နှီးမြုပ်နှံမှုအားလုံးကို ခါထုတ်ကာအမေရိကန်နှင့်ကင်းကင်းနေနိုင်မည်လော။
ထိုသို့နေပါက တရုတ်၏နီပေါအပေါ် ဩဇာလွမ်းမိုးရန် အားထုတ်မှုကလွတ်မည်ဟု အာမခံချက်ရှိပါသလောဆိုသောမေးခွန်းရှိလာသည်။
နောက်ပိုင်းတွင်အငြင်းပွားမှုများအများကြီးရှိနေခဲ့သော်လည်း နီပေါလွှတ်တော်မှMCC စီမံကိန်းဟူသည်စစ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာဂဏ္ဍများနှင့်မဆိုင်ဟူသော”အဓိပ္ပာယ်ဖွင့်ဆိုချက်ဆိုင်ရာကြေညာချက်(Interpretative Declaration)ထည့်ကာ MCC စီမံကိန်းအား ၂၀၂၂ ခုနှစ်တွင်အတည်ပြုခဲ့တော့သည်။
SPP စီမံကိန်းကိုတော့ လူထုကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားလိုက်သည်။
ထိုသို့ စူပါပါဝါများဆုံချက်ကြောင့် ဝဲဂယက်ဖြစ်လာကာ နီပေါ၌နိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်လာခဲ့သည်။
၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် ဝန်ကြီး ချုပ်ရှာဘာဟာဒူးဒူဘာ(Sher Bahadur Deuba)နုတ်ထွက်ခဲ့ရပြီး ပုရှ်ပါကမလ်ဒါဟဲလ်ပရာချန်ဒရာ(Pushpa Kamal Dahal Prachanda)က ဝန်ကြီးချုပ်သစ်ဖြစ်လာခဲ့သည်။
ပုရှ်ပါကမလ်ဒါဟဲလ်ပရာချန်ဒရာ (Pushpa Kamal Dahal Prachanda)က ၂၀၂၄ ခုနှစ်ထိ တာဝန်ယူခဲ့ပြီးနောက် ကေပီရှာမာအိုလီ(K. P. Sharma Oli)ဝန်ကြီးချုပ်ဖြစ်လာသည်။
ဝန်ကြီးချုပ်ကေပီရှာမာအိုလီ လက်ထက်တွင် ဂျင်ဇီတော်လှန်ရေးဖြစ်ခဲ့ပြီး လက်ရှိ ၂၀၂၆ ခုနှစ်တွင် လူငယ်နိုင်ငံရေးသမားဘာလင်ဒရာရှား(Balendra Shah)ဝန်ကြီးချုပ်ဖြစ်လာသည်။
နီပေါ၏စီးပွားရေးသည်တရုတ်ထက် အဆလေးရာခန့်ငယ်သည်။ အမေရိကန်ထက်အဆခြောက်ရာခန့်ငယ်သည်။ အိန္ဒိယထက်အဆတရာခန့်ငယ်သည်။
နီပေါနိုင်ငံရေးရပ်ဝန်းတွင် အမေရိကန်နှင့်တရုတ်အားပြိုင်မှုအမြဲတစေအငြင်း အခုံဖြစ်နေသောအချက်တခုရှိသည်။
ထိုအချက်ကနီပေါနိုင်ငံအနေဖြင့် စီးပွားရေးအရအဆလေးရာမကကွာခြားသော တရုတ်နိုင်ငံ၏ဘေးတွင်ရှိနေပြီး အမေရိကန်၏အကူအညီကိုယူမည်လား။ ငြင်းမည်လားဆိုသော ဒွိဟပင်ဖြစ်သည်။
ထိုဒွိဟသည် နီပေါအတွက်အစဉ်အလာ အရရိုးရာအင်အားကြီးနိုင်ငံ (Traditional Power)ဖြစ်သော အိန္ဒိယကိုမျက်ကွယ်ပြုနိုင်သော ဒွိဟမဟုတ်သေးပေ။
နီပေါအား ပင်လယ်ပြင်ကို ခေါ်ဆောင်ပေးမည့်သူမှာ တရုတ်လည်းမဟုတ်။ အမေရိကန်လည်းမဟုတ်ဘဲအိန္ဒိယသာ ဖြစ်နေသောကြောင့်ဖြစ်သည်။
အိန္ဒိယနိုင်ငံ၏အခန်းကဏ္ဍမှာ နီပေါအတွက် ပင်လယ်ပြင်သို့ဖြတ်သန်းရာ (Transit Issues)လည်းဖြစ်သည်။
နီပေါ သို့မဟုတ် ဘူတန်သည် ပင်လယ်ပြင်ကိုသွားမည်ဆိုပါက အိန္ဒိယနိုင်ငံကိုမဖြစ်မနေဖြတ်ရမည်ဖြစ်သည်။
နီပေါနှင့်ဘူတန်အား အိန္ဒိယမှကလက္ကတား( Kolkata)နှင့်ဟာလ်ဒီးယား ( Haldia)ဆိပ်ကမ်းများကို အသုံးပြုခွင့်ပေးထားသည်။
အိန္ဒိယက နီပေါနှင့်ဘူတန်အား ဘင်္ဂလားဒေ့ရှ်၏စစ်တကောင်းဆိပ်ကမ်းထိဆွဲခေါ်ကာ ပင်လယ်ပြင်ရနံကိုရှူခွင့်ပေးထားသည်။
ဘင်္ဂလားဒေ့ရှ်သည် နီပေါနှင့်ဘူတန်အတွက် အိန္ဒိယပြီးပါကနောက်ထပ်အနီးဆုံး၊အဆင်ပြေဆုံးပင်လယ်ထွက်ပေါက်ဖြစ်သည်။
အိန္ဒိယပိုင်နက်ထဲက အရေးပါသောကြက်လည်ပင်းစင်္ကြန့် (Siliguri Corridor) ကျဉ်းမြောင်းမြေနေရာကိုဖြတ်လိုက်သည်နှင့် ဘင်္ဂလားဒေ့ရှ်တန်းရောက်သွားသည်။
ဘင်္ဂလားဒေ့ရှ်၏စစ်တကောင်း(Chitt agong)၊မောင်လ( Mongla)ဆိပ်ကမ်းများကို အသုံးပြုခွင့်ရရန် နီပေါနှင့်ဘူတန်က သဘောတူညီချက်ရထားသည်။
ပါဝါဟူသည် အကြပ်အတည်ဖိအားနှင့် အခွင့်အရေးကိုတပြိုင်နက်ယူလာတတ်သည်။
နီပေါသည် စူပါပါဝါများထံမှ ဖိအားကိုလည်းရသည်။ အခွင့်အရေးကိုလည်းရသည်။ စူပါပါဝါများက ဆွဲချပစ်လိုက်သောဝဲဩဃကိုလည်း သတိထားရှောင်တိမ်းနေရသည်။
ဤသဘောတရားကား နီပေါ၌ မည်သည့်အစိုးရတက်တက် ရင်ဆိုင်နေရမည့်သာဖြစ်သည်။
ကိုးကား…
http://english.scio.gov.cn/m/pressroom/2022-06/24/content_78288814.htm?hl=en-GB










