Border News Agency
အမေရိကန်၊ ဧပြီ ၁၆။
အမေရိကန်နဲ့ အီရန်ကြားက နျူကလီးယားဆိုင်ရာဆွေးနွေးပွဲတွေမှာ ထူးခြားတဲ့တိုးတက်မှုတွေ ရှိလာနိုင်တယ်လို့ ပါကစ္စတန်အရာရှိတွေက Al Jazeera ကို ပြောကြားလိုက်ပါတယ်။
ပါကစ္စတန်စစ်သေနာပတိချုပ် အာဆင်မွန်နီယာဟာ အမေရိကန်ရဲ့ သတင်းစကားတွေကို အီရန်ခေါင်းဆောင်ပိုင်းဆီ ပေးပို့ဖို့ တဟီရန်မြို့ကို ရောက်ရှိနေတာပါ။
အဓိကညှိနှိုင်းနေရတဲ့အချက်ကတော့ အီရန်ရဲ့ နျူကလီးယားသန့်စင်မှု အစီအစဉ်ကို ဘယ်နှစ်နှစ်အထိ ရပ်ဆိုင်းထားမလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။
အမေရိကန်က အနှစ် ၂၀ လောက် ရပ်စေချင်ပြီး အီရန်က ၅ နှစ်ပဲ ရပ်ချင်နေတာကြောင့် အခုတော့ နှစ်ဦးနှစ်ဖက် လက်ခံနိုင်မယ့် အလယ်အလတ် သဘောတူညီချက်တစ်ခုရဖို့ နီးစပ်နေပြီလို့ဆိုပါတယ်။
ဒါ့အပြင် အီရန်မှာရှိနေတဲ့ သန့်စင်ပြီးသား ယူရေနီယံ ၄၄၀ ကီလိုဂရမ်ကို ပြည်ပကို ပို့မလား၊ ဒါမှမဟုတ် သာမန်အဆင့်ကို ပြန်လျှော့ချမလားဆိုတာကိုလည်း ဆွေးနွေးနေကြပါတယ်။
သမ္မတဒေါ်နယ်ထရမ့်ကတော့ လာမယ့် ၂ ရက်အတွင်း အံ့ဩစရာတွေ ကြားရနိုင်ပြီး စစ်ပွဲဟာ ပြီးဆုံးဖို့ အလွန်နီးစပ်နေပြီလို့ ပြောထားပါတယ်။
တဖက်မှာလည်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ရှရစ်ဖ်ဟာ ဒီသဘောတူညီချက်ကို အခြားနိုင်ငံတွေက ကန့်ကွက်တာမျိုးမရှိအောင် ဆော်ဒီအာရေဗျ၊ ကာတာနဲ့ တူရကီနိုင်ငံတွေကို လှည့်လည်သွားရောက်ပြီး ဖျောင်းဖျညှိနှိုင်းနေပါတယ်။
ဒါပေမယ့် တင်းမာမှုတွေကတော့ရှိနေဆဲဖြစ်သလို အမေရိကန်က ဟော်မုဇ်ရေလက်ကြားမှာ ပိတ်ဆို့မှုတွေဆက်လုပ်နေတာကြောင့် ဒါဟာ အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်တယ်လို့ အီရန်စစ်တပ်က ပြန်လည်စွပ်စွဲထားပါတယ်။
အကယ်လို့ အမေရိကန်က ပိတ်ဆို့မှုကိုမဖယ်ရှားပေးရင် ပင်လယ်နီလမ်းကြောင်းကိုပါပိတ်ပစ်မယ်လို့ အီရန်ဘက်က ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။






