ထိုင်း-မြန်မာနယ်စပ်၊ ချင်းမိုင်ခရိုင်အတွင်းမှာ တရက်အတွင်း စိတ်ကြွဆေးပြား ၃ သန်းခွဲခန့်သိမ်းဆည်းရမိခဲ့သလို အပြန်အလှန်ပစ်ခတ်မှုကြောင့် မူးယစ်အဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ဖာမိန်းစစ်ဆင်ရေးတပ်ဖွဲ့ (Pha Muang Force) က ဖေဖော်ဝါရီလ ၁၅ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
ချင်းမိုင်ခရိုင်၊ မယ်အိုင်း (Mae Ai) မြို့နယ်၊ သာမကန်းရွာအနီး နယ်စပ်တောထဲမှာဝှက်ထားတဲ့ ကောက်ရိုးအိတ် ၁၉ အိတ်ကို နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကဖေဖော်ဝါရီလ ၁၅ ရက်၊ညနေပိုင်းရှာဖွေတွေ့ရှိခဲ့တာပါ။
အဲဒီအိတ်တွေထဲကနေ စိတ်ကြွဆေးပြား စုစုပေါင်း ၂ သန်းခွဲကို သိမ်းဆည်းရမိခဲ့ပေမယ့် တရားခံတွေကိုတော့ ရှာမတွေ့သေးဘူးလို့ဆိုပါတယ်။
အဲဒီလို ဖမ်းဆီးရမိမှုမတိုင်ခင် နာရီပိုင်းအလိုမှာပဲ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်၊ စန်ဂျုရွာအနီး နယ်စပ်မှာ မူးယစ်ဆေးသယ်ဆောင်လာသူတွေနဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲကြောင့် မူးယစ်အဖွဲ့ဝင် ၅ ဦး သေဆုံးသွားခဲ့ပြီး စိတ်ကြွဆေးပြား ၁ သန်းကျော် ၁၄ အိတ် ကို သိမ်းဆည်းရမိခဲ့တာပါ။
ဖာမိန်းတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊အောက်တိုဘာလ ၁ ရက်ကနေ ဒီနေ့အထိ ၄ လကျော်အတွင်းမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၂၂၈ ကြိမ် ရှိခဲ့ပြီလို့ သိရပါတယ်။
အဲဒီဖမ်းဆီးမှုတွေအတွင်း တရားခံ ၂၃၉ ဦးကို ဖမ်းမိခဲ့သလို သိမ်းဆည်းရမိတဲ့ စိတ်ကြွဆေးပြားပေါင်း ၁၂၅ သန်းကျော်အထိ ရှိနေပြီလို့ ဆိုပါတယ်။
ဒါ့အပြင် ၄ လကျော်အတွင်း နယ်စပ်မှာ တိုက်ပွဲဖြစ်ပွားမှု ၃၂ ကြိမ် ရှိခဲ့ပြီး မူးယစ်အဖွဲ့ဝင် ၁၆ ဦး သေဆုံးသွားခဲ့ပြီလို့လည်း သိရပါတယ်။
အဲဒီ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ဘန်ကောက်မြို့ကို ရောက်သွားမယ်ဆိုရင် ကာလတန်ဖိုး ဘတ်သန်းပေါင်း ၂၄,၄၀၇ သန်းခန့် တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ နယ်စပ်တလျှောက် မူးယစ်ဆေးဝါး ဝင်ရောက်မှုတွေ အလွန်များပြားနေတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှာဖွေစစ်ဆေးမှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။










