Border News Agency
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၇။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်ကျဆုံးရေးအတွက် အလံမလိပ်အသံမတိတ် လူထုလှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၂၆ ရက်၊ ဒီနေ့မနက်က ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ KPSSC က ပြုလုပ်ခဲ့ပါတယ်။
ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီဟာ ဒေသခံမိဘပြည်သူတွေနဲ့အတူပူးပေါင်းကာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကိုငြိမ်ခံမနေဘဲ တော်လှန်ရေးစိတ်ဓာတ် နိုးကြားနေစေဖို့ရည်ရွယ်ပြီး အခုလိုလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
“စစ်အာဏာရှင်စနစ်ကို ကျေးလက်ကပုန်ကန်၊ မြို့ပြကဖီဆန်” ကြဖို့နဲ့ တော်လှန်ရေးမီးစာကို အရှိန်အဟုန်မြှင့်တင်ကာ မိမိတို့ရရာကဏ္ဍ၊ နည်းလမ်းအသီးသီးက ပါဝင်တိုက်ပွဲဝင်ကြဖို့ကိုလည်း KPSSC က တိုက်တွန်းနှိုးဆော်ထားပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ တင်းကျပ်တဲ့လုံခြုံရေးနဲ့ ဖိနှိပ်မှုတွေကြားက ကလေးမြို့ဒေသခံတွေဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် လမ်းပေါ်ထွက်ကာ လူထုအားမာန်ကိုပြသခဲ့တာပါ။











