Border News Agency
မကွေး၊ မတ် ၂။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ဝန်ကြီးဌာနတွေအတွင်းမှာ ဆွေမျိုးသားချင်းတွေကို ရာထူးနေရာကြီးတွေပေးအပ်တာမျိုးမဖြစ်စေဖို့အတွက် ဆွေမျိုးကောင်းစားရေးဝါဒဆန့်ကျင်ရေးမူဝါဒကို တစ်စိုက်မတ်မတ်ကျင့်သုံးသွားဖို့ လွတ်လပ်သောCDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း (ICCSO)က တောင်းဆိုလိုက်ပါတယ်။
အခုလိုတောင်းဆိုရတာဟာ တော်လှန်ရေးအစိုးရရဲ့ လုပ်ငန်းစဉ်တွေမှာပိုမိုသန့်ရှင်းပြီး ဘက်လိုက်မှုကင်းတဲ့ စနစ်တစ်ခုပေါ်ပေါက်လာစေဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် NUGဝန်ကြီးဌာနတွေမှာ အုပ်ချုပ်ရေးပိုင်းနဲ့ မူဝါဒပိုင်းဆိုင်ရာ တာဝန်ထမ်းဆောင်နေသူတွေဟာ လုပ်ငန်းခွင်အတွင်း အမှန်တကယ်ကျွမ်းကျင်မှုရှိတဲ့ ဝန်ထမ်းတွေကိုသာ ခန့်အပ်တာဝန်ပေးဖို့ကိုလည်း ICCSO က အကြံပြုထားပါတယ်။
ဝန်ထမ်းတွေရဲ့အခွင့်အရေးကိုကာကွယ်ပေးဖို့နဲ့ အလုပ်ခွင်အတွင်းမလိုအပ်တဲ့ပဋိပက္ခတွေလျှော့ချနိုင်ဖို့အတွက် စနစ်တကျစီမံခန့်ခွဲသွားဖို့လည်း တိုက်တွန်းထားတာကိုတွေ့ရပါတယ်။
ငွေကြေးစီမံခန့်ခွဲမှုပိုင်းမှာလည်း ပိုမိုပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် တော်လှန်ရေးကာလအတွင်း ဘဏ္ဍာငွေတွေကို ကိုယ်ပိုင်ဘဏ်အကောင့်တွေနဲ့ အသုံးပြုနေတာမျိုးကိုတတ်နိုင်သမျှ လျှော့ချဖို့ ပြောဆိုထားပါတယ်။
အဲဒီအစား Spring Development Bank(SDB)လိုမျိုး အဖွဲ့အစည်းပိုင်ဘဏ်အကောင့်တွေကိုသာအသုံးပြုပြီး စနစ်တကျစာရင်းစစ်ဆေးခံယူဖို့ကိုလည်း အချက် ၆ ချက်ပါတဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာပါ။
ICCSO အနေနဲ့ NUG ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး လိုအပ်တဲ့ ကဏ္ဍတွေမှာလည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။






