Border News Agency
မဲဆောက်၊ မတ် ၅။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ မဲကုကျေးရွာအုပ်စုအတွင်းမှာ တရားမဝင်ခိုးဝင်လာသူတွေနဲ့ ဗီဇာသက်တမ်းကုန်ဆုံးနေသူ စုစုပေါင်း ၂၂ ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ (Immigration Tak)က မတ်လ ၅ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ သောင်ရင်းမြစ်ဘေး ငှက်ပျောခြံတခုကို မတ်လ ၄ ရက်၊ ညပိုင်းကဝင်ရောက်စစ်ဆေးချိန် နိုင်ငံကူးလက်မှတ်မပါဘဲ ခိုးဝင်လာတဲ့ မြန်မာ ၁၆ ဦး၊ ဗီဇာသက်တမ်းကုန်နေတဲ့ မြန်မာ ၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် သူတို့ကိုဖုံးကွယ်ကူညီပေးခဲ့တဲ့ ပန်းရောင်ကတ်ကိုင် မြန်မာတဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား ၂၁ ဦး ကို ဖမ်းမိခဲ့တာလို့ဆိုပါတယ်။
အဲဒီအထဲမှာ Overstay ဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တဦးလည်းပါဝင်ပါတယ်။
အဲဒီဖမ်းဆီးမှုကို တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ဖမ်းမိသူအားလုံးကို ဥပဒေအရအရေးယူနိုင်ဖို့ မဲဆောက်ရဲစခန်းကိုပို့ထားတယ်လို့ဆိုပါတယ်။
အဲဒီနေရာဟာ သောင်ရင်းမြစ်နဲ့နီးကပ်တာကြောင့် တရားမဝင်ခိုးဝင်သူတွေ ခိုနားလေ့ရှိတဲ့နေရာတခုဖြစ်တယ်လို့ လည်းဆိုပါတယ်။














