Border News Agency
မကွေး၊ဇွန် ၁၇။
မကွေးတိုင်း၊တောင်တွင်းကြီးမြို့နယ်နဲ့ အောင်လံမြို့နယ်အစပ် ရန်ကုန်-ပြည်လမ်းမကြီးပေါ်မှာ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ မော်တော်ယာဉ်နှစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီ တိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက ဇွန်လ ၁၆ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီတောင်တွင်းကြီးမြို့နယ်၊ဆတ်သွားကျေးရွာဘက်ကလာတဲ့ အာဏာသိမ်းစစ်တပ်ကားတစီးကို ဇွန်လ ၁၅ ရက်၊မနက် ၈ နာရီခန့်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် ကားပေါ်မှာပါတဲ့ ဗိုလ်ကြီး စောသန်းထွန်း အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး ကျန် ၂ ဦးကတော့ ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကကားကို မီးရှို့ဖျက်ဆီးပြီး လက်နက်သိမ်းနေချိန်မှာပဲ အောင်လံဘက်ကနေ မောင်းနှင်လာတဲ့ နောက်ထပ်ကားတစီးကို စစ်ဆေးဖို့ တားဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကားဟာ မရပ်တန့်ဘဲ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် တော်လှန်ရေးတပ်တွေက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါလာတဲ့ ဗိုလ်အဆင့်ရှိသူ ၂ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဆီက MA-3 သေနတ် ၁ လက်၊ G-3 သေနတ် ၁ လက်၊ MA-5 သေနတ် ၁ လက်နဲ့ ကျည်ဆန်၊ စာရွက်စာတမ်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကိုရိုးမဖိုက်တာစစ်ကြောင်း၊ မကွေးမြို့နယ် ပကဖ၊ သရက်ခရိုင် အမှတ် ၅ တပ်ရင်းနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။













