Border News Agency
တအာင်းပြည်၊ မတ် ၆။
တအာင်းဒေသရှိ လက်ဖက်ခြံနဲ့ တောင်ယာတွေမှာကမျဉ်းနီကောင် (Mite) အကိုက်ခံရရာကတဆင့် ကူးစက်တတ်တဲ့ Scrub Typhus ရောဂါကို အထူးသတိပြုကြဖို့ တအာင်းပြည်ကျန်းမာရေးဌာနက အသိပေးနှိုးဆော်ထားပါတယ်။
ဒီရောဂါဟာ ပြင်းထန်စွာဖျားတာ၊ ခေါင်းကိုက်တာနဲ့ အကိုက်ခံရတဲ့နေရာမှာ ဆေးလိပ်မီးနဲ့ထိုးထားသလို ညိုမည်းတဲ့အနာကွက် (Eschar) ဖြစ်ပေါ်တတ်တာပါ။
အချိန်မီမကုသရင် အသက်သေဆုံးတဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။
အရေးကြီးတဲ့အချက်အနေနဲ့ ဒီရောဂါဟာ လက်ရှိအချိန်ထိ ကာကွယ်ဆေးမရှိသေးတာကြောင့် ကမျဉ်းနီကောင်ရှိနိုင်တဲ့ ခြုံနွယ်ထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ်ဖို့နဲ့ အပြင်သွားရင် DEET ပါဝင်တဲ့ အင်းဆက်နိုင်ဆေးတွေကို အရေပြားမှာ လိမ်းပေးဖို့ လိုအပ်ပါတယ်။
ကလေးငယ်ရှိတဲ့ မိသားစုတွေအနေနဲ့လည်း ကလေးတွေကို လက်ရှည်၊ခြေရှည် အဝတ်အစားတွေ လုံခြုံအောင် ဝတ်ပေးရမှာဖြစ်ပြီး ဖျားနာတဲ့လက္ခဏာပြတာနဲ့ နီးစပ်ရာကျန်းမာရေးဌာနကို အမြန်ဆုံးပြသဖို့ အသိပေးထားပါတယ်။














