Border News Agency
စစ်ကိုင်း၊ မတ် ၁၂။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ မတ်လ ၁၀ ရက်နေ့ကတွေ့ဆုံခဲ့ပြီး နှစ်ဖက်ကြားလုပ်ပိုင်ခွင့်အာဏာခွဲဝေရေးအတွက် သဘောတူညီချက် ၉ ရပ် ချမှတ်နိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။
အခုတွေ့ဆုံမှုဟာ ဒုတိယအကြိမ်မြောက်တွေ့ဆုံတာဖြစ်ပြီး ဖက်ဒရယ်မူဝါဒတွေနဲ့ အညီရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီလိုဆွေးနွေးပွဲအတွင်းမှာ လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်းဆိုင်ရာကိစ္စရပ်တွေကို အဓိကထားဆွေးနွေးခဲ့ကြပြီး ကျန်ရှိနေသေးတဲ့ကဏ္ဍတွေမှာလည်းပြင်ဆင်ဖြည့်စွက်ရမယ့် အချက်တွေကိုနှစ်ဖက်သဘောတူညှိနှိုင်းခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီစစ်ကိုင်းတိုင်းအတွင်း အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေးနဲ့ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ပိုမိုထိရောက်အောင်ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေကို တိုင်ပင်ခဲ့ကြတယ်လို့ဆိုပါတယ်။
အစည်းအဝေးကို NUG ဘက်က ဝန်ကြီးချုပ်ရုံးပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်နဲ့ ပြည်ထဲရေး၊ လူသားချင်းစာနာ၊ သယံဇာတဝန်ကြီးဌာနတွေက ဒုတိယဝန်ကြီးတွေတက်ရောက်ခဲ့ကြတာပါ။
စစ်ကိုင်းဖက်ဒရယ်ယူနစ်ဘက်ကတော့ ဝန်ကြီးချုပ်ဦးစိုးဦးနဲ့အတူ ပြည်ထဲရေး၊ လျှပ်စစ်/စွမ်းအင် ဝန်ကြီးတွေနဲ့ရှေ့နေချုပ်တို့ ပါဝင်ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။






