Border News Agency
အီရန်၊ မေ ၇။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ချီနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ မေလ ၆ ရက်နေ့ကပေကျင်းမှာ တွေ့ဆုံမှုဟာ အမေရိကန်နဲ့အီရန်ကြား ငြိမ်းချမ်းရေးရဖို့အတွက် တရုတ်က ဘယ်လောက်ထိ သြဇာသက်ရောက်မှုရှိလဲဆိုတာကို ပြသနေတယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။
လာမယ့်အပတ်ထဲမှာ သမ္မတထရမ့်က တရုတ်ကိုလာပြီး သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဖို့ရှိနေတာကြောင့် အဲဒီခရီးစဉ်မတိုင်ခင် အီရန်ဘက်က တရုတ်နဲ့ အသေအချာ ကြိုတင်ညှိနှိုင်းနေတာပါ။
တရုတ်ကတော့ စစ်ပွဲတွေ ချက်ချင်းရပ်ဖို့နဲ့ ဆွေးနွေးပွဲတွေကိုပဲ ဆက်လုပ်ဖို့ တိုက်တွန်းထားပါတယ်။
တရုတ်ရော အမေရိကန်ပါ ဟော်မုဇ်ရေလက်ကြား ပြန်ပွင့်သွားဖို့ကို လိုလားနေကြတာပါ။
ရေလက်ကြား ပိတ်နေတာကြောင့် တရုတ်ရဲ့ စွမ်းအင်တင်သွင်းမှုတွေ ထိခိုက်နေသလို အမေရိကန်မှာလည်း စက်သုံးဆီဈေးတွေ တက်နေတာကြောင့် ဒါဟာ နှစ်နိုင်ငံစလုံးအတွက် ဘုံအကျိုးစီးပွား ဖြစ်နေပါတယ်။
အီရန်ဘက်ကတော့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြားမှာ တရုတ်ကို အဓိက စီးပွားရေးအားကိုးရာအဖြစ် သတ်မှတ်ထားပါတယ်။
ဒါကြောင့် ရေလက်ကြားကို ပြန်ဖွင့်ပေးလိုက်ရင် တရုတ်ဘက်က သူတို့ကို ကုလသမဂ္ဂမှာ ဆက်ပြီး ကာကွယ်ပေးမလား အမေရိကန်နဲ့ ဘယ်လိုညှိနှိုင်းမလဲဆိုတာကို သိချင်နေတာပါ။
တရုတ်အနေနဲ့ ၂၀၂၃ ခုနှစ်က ဆော်ဒီနဲ့ အီရန်ကြား ပြန်လည်သင့်မြတ်အောင် လုပ်ပေးခဲ့သလိုမျိုး အခုလည်း အမေရိကန်နဲ့ အီရန်ကြားမှာ ကြားဝင်စေ့စပ်ပေးသူအဖြစ် နာမည်ကောင်းယူဖို့ ကြိုးစားလာနိုင်ပါတယ်။
တကယ်လို့ သမ္မတရှီနဲ့ သမ္မတထရမ့်တို့ တခုခု သဘောတူညီမှုရအောင် လုပ်နိုင်ခဲ့ရင် ကမ္ဘာ့စီးပွားရေးအတွက်လည်း အသက်ရှူချောင်သွားစေမှာ ဖြစ်ပါတယ်။






