Border News Agency
အုတ်ဖို၊ မေ ၇။
ပဲခူးဒေသ၊ အုတ်ဖိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေမှ အာဏာသိမ်းစစ်တပ်လက်အောက်ခံအခိုင်းအစေနှစ်ဦး ဖမ်းဆီးရမိခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ-၄ မှ မေလ ၆ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်လက်အောက်ခံအခိုင်းအစေဖြစ်တဲ့ ဝိုင်းကျေးရွာမှ ကျော်ဦး နဲ့ ပြည်တော်အေးရွာမှ အောင်ဇော်တို့ကို မေလ ၆ ရက်၊နေ့လည် ၁ နာရီခွဲအချိန်မှာ အောင်ဇော်နေအိမ်မှာသွားရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
သူတို့နှစ်ဦးဟာ သွားရောက်ဖမ်းဆီးချိန်မှာ 5.56 လက်လုပ်သေနတ်နဲ့ ပြန်လည်ခုခံခဲ့လို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် ကျော်ဦး နဲ့ အောင်ဇော်တို့မှာ နေရာတင် ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် သူတို့ဆီမှ ခါးချိုးအတို သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ 5.56 ကျည်ဆံတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့တွေဟာ အာဏာသိမ်းစစ်တပ်ကို စစ်ကြောင်းထိုးဖို့ လှုံဆော်တာ၊ လမ်းသွားလမ်းလာပြည်သူတွေကို ဖမ်းဆီးတာ၊ စစ်တပ်နဲ့ပေါင်းပြီး လောင်းကစားဝိုင်းလုပ်အလှူငွေကောက်ခံတာတွေကို ပြုလုပ်နေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။









