Border News Agency
ဒူဘိုင်း၊ မတ် ၁၇။
ယူအေအီးနိုင်ငံ၊ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းရှိ လောင်စာဆီသိုလှောင်ကန်တွေကို မတ်လ ၁၆ ရက်၊ မနေ့က အီရန်က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် လေဆိပ်ဝန်းအတွင်းမှာ မီးခိုးအမည်းရောင်တွေ အလုံးအရင်းနဲ့ ထွက်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ ဒရုန်းတိုက်ခိုက်မှုဟာ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတာဖြစ်ပြီး လေကြောင်းပို့ဆောင်ရေးကဏ္ဍကို ထိခိုက်စေဖို့ ရည်ရွယ်ပုံရတယ်လို့ဆိုပါတယ်။
ယူအေအီးလေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေက ကျူးကျော်လာတဲ့ ဒရုန်းအချို့ကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပေမယ့် ဒရုန်းအချို့ကတော့ ဆီသိုလှောင်ကန်တွေရှိရာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုအချို့ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အီရန်ဘက်က ပစ်လွှတ်လိုက်တဲ့ ဒရုန်းနဲ့ မစ်ဆိုင်းဒုံး ၂၀ ကျော်ကို ယူအေအီးက ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ပြီးနောက်မှာ ထပ်မံပေါ်ပေါက်လာတဲ့ တိုက်ခိုက်မှုတခုလည်း ဖြစ်ပါတယ်။
အဲဒီဒူဘိုင်းအာဏာပိုင်တွေက လေဆိပ်လုံခြုံရေးကို တင်းကျပ်ထားသလို တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ပျက်စီးဆုံးရှုံးမှုအတိုင်းအတာကို အသေးစိတ်စစ်ဆေးနေတယ်လို့ဆိုပါတယ်။













