Border News Agency
အိန္ဒိယ၊ မတ် ၂၀။
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်၊ ချမ်ဖိုင်းခရိုင်မှာ အိန္ဒိယရူပီး ၂၃ ကုဋေကျော် (မြန်မာငွေသိန်းပေါင်းများစွာ)တန်ဖိုးရှိတဲ့ မက်ဖက်တမင်းစိတ်ကြွဆေးပြားတွေကို အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ပူးပေါင်းဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒါဟာ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေကို အကြီးအကျယ်နှိမ်နင်းလိုက်တာပဲဖြစ်တယ်လို့ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရဲ့ ဝန်ကြီးချုပ် N. Biren Singhက သူရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
ဒီမူးယစ်ဆေးဝါးတွေကို Hmunhmeltha လမ်းမပေါ်မှာစွန့်ပစ်ထားတဲ့ ကားတစီးထဲကနေရှာဖွေတွေ့ရှိခဲ့တာပါ။
အဲဒီအာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တွေဟာစုစုပေါင်း အလေးချိန် ၇ ဒသမ ၉ ကီလိုဂရမ်ခန့်ရှိတဲ့ စိတ်ကြွဆေးပြားတွေကို သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး တရားမဝင်မှောင်ခိုဂိုဏ်းတွေက နယ်စပ်ကိုဖြတ်ကျော်သယ်ယူဖို့ ကြိုးစားခဲ့တာလို့ ယူဆရတယ်လို့ဆိုပါတယ်။
အာဏာပိုင်တွေဘက်ကတော့ အခုလိုမူးယစ်ဆေးဝါးအမြောက်အမြားဖမ်းဆီးရမိတာဟာ နယ်စပ်လုံခြုံရေးတင်းကျပ်ထားတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးသယ်ဆောင်လာသူတွေဟာ ဖမ်းဆီးခံရမှာကြောက်လို့ ကားကိုလမ်းမှာတင်စွန့်ပစ်ခဲ့တာဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
လတ်တလောမှာတော့ အာဏာပိုင်တွေက ဒီမူးယစ်ဆေးဝါးတွေဘယ်ကလာသလဲဆိုတာနဲ့ ပါဝင်ပတ်သက်သူတွေကို ဖော်ထုတ်နိုင်ဖို့ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။
နယ်စပ်တလျှောက်မှာလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းတွေကို ပိုမိုတင်းကျပ်စွာဆောင်ရွက်သွားမယ်လို့ သိရပါတယ်။












