Border News Agency
ထိုင်း၊မတ် ၂၂။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ထဲက အာရုနိုထိုင်းရွာအနီးမှာ ထိုင်းဖာမိူင်းစစ်ကြောင်းနဲ့ မူးယစ်မှောင်ခိုအဖွဲ့တွေ မတ်လ ၂၀ ရက်၊မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း စိတ်ကြွဆေးပြား ၅ သန်း ၇ သိန်းကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းတော်ဝင်တပ်ဖွဲ့က မတ်လ ၂၁ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီချင်းဒေါင်မြို့နယ်ထဲက အာရုနိုထိုင်းရွာအနီးမှာ မတ်လ ၂၀ ရက်၊မနက် ၄ နာရီခွဲအချိန်က ကျောပိုးအိတ်တွေလွယ်ထားတဲ့ သံသယရှိသူအယောက် ၂၀ ကျော်ကို စစ်ဆေးဖို့ ကြိုးစားရာကနေ နှစ်ဖက်ပစ်ခတ်မှု ၅ မိနစ်ခန့် ဖြစ်ပွားခဲ့တာပါ။
မူးယစ်မှောင်ခိုအဖွဲ့တွေဟာ မှောင်ရိပ်ခိုပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် အခင်းဖြစ်နေရာမှာ မူးယစ်ဆေးအိတ်တွေကို စွန့်ပစ်ခဲ့ကြပါတယ်။
နယ်မြေရှင်းလင်းရေး လုပ်ဆောင်တဲ့အခါမှာတော့ ကျောပိုးအိတ်အဖြစ် ပြုလုပ်ထားတဲ့ ဆာလာအိတ် ၂၅ အိတ်ကို တွေ့ရှိခဲ့ပြီး အထဲမှာ စိတ်ကြွဆေးပြား စုစုပေါင်း ၅,၇၀၀,၀၀၀ကျော်ပါရှိတယ်လို့ ဖာမိူင်းစစ်ကြောင်းက အတည်ပြုပါတယ်။
ဖာမိူင်းစစ်ကြောင်းမှူး ဗိုလ်ချုပ် သာတစ် ဝိုင်နွန် (Major General Satit Wainon) ကတော့ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အဲဒီဆေးပြားအားလုံးကို ချင်းဒေါင်ရဲစခန်းဆီ လွှဲပြောင်းပေးအပ်ထားတယ်လို့ဆိုပါတယ်။
အခုဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေဟာ နယ်စပ်ကနေတဆင့် ပြည်တွင်းကို ခိုးသွင်းဖို့ ကြိုးစားတာဖြစ်ပြီး နယ်စပ်တလျှောက်မှာ လုံခြုံရေးနဲ့ မူးယစ်ဆေးဝါး တားဆီးရေးလုပ်ငန်းတွေကို အရင်ကထက် ပိုပြီး တိုးမြှင့်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။










