Border News Agency
အစ္စရေး၊ မတ် ၂၂။
အစ္စရေးနိုင်ငံ၊ တယ်အဗစ်မြို့တောင်ဘက်က ရစ်ရှောန် လီဇီယွန်မြို့ကို မတ်လ ၂၁ ရက်၊ နေ့လည်အချိန်မှာ အီရန်က အလတ်စားတိုက်ချင်းပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် မူကြိုကျောင်းတကျောင်း အပြင်းအထန် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဒေသတွင်းမီဒီယာတွေဖြစ်တဲ့ The Jerusalem Post ကလည်း အတည်ပြုဖော်ပြထားပါတယ်။
ဒုံးကျည်ကျရောက်ချိန်မှာ မူကြိုကျောင်းအတွင်း ကလေးငယ်တွေ မရှိတာကြောင့် ကံကောင်းထောက်မစွာနဲ့ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။
အချက်ပေးဥသြဆွဲသံကြောင့် ကလေးတွေကို ဘေးကင်းရာ ဗုံးခိုကျင်းတွေထဲ ကြိုတင်ရွှေ့ပြောင်းပေးထားနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အခုတိုက်ခိုက်မှုမှာ အီရန်ဘက်က ထိခိုက်မှုအားကောင်းတဲ့ ထိပ်ဖူးတပ်ဒုံးကျည်တွေကို အသုံးပြုခဲ့တယ်လို့ ယူဆရပါတယ်။
အဲဒီလက်နက်တွေကြောင့် ပေါက်ကွဲအား ပြင်းထန်ပြီး ဘေးပတ်ဝန်းကျင်က နေရာအတော်များများမှာပါ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။
လတ်တလော ထွက်ပေါ်လာတဲ့ အစီရင်ခံစာတွေအရ ကျောင်းအတွင်းမှာသေဆုံးသူမရှိပေမယ့် အပြင်က အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီအပြင်အသက် ၇၀ အရွယ်အမျိုးသားတဦးဟာ ဗုံးခိုကျင်းထဲကို ပြေးလွှားရင်း ဒဏ်ရာရခဲ့သလို အသက် ၄၀ အရွယ် အမျိုးသားတဦးလည်း ပေါက်ကွဲမှုဒဏ်ကြောင့် ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အစ္စရေးအာဏာပိုင်တွေက အသုံးပြုခဲ့တဲ့လက်နက်အမျိုးအစားနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကို အသေးစိတ် ထပ်မံစစ်ဆေးနေပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဒေသတွင်း စစ်ရေးတင်းမာမှုတွေ ပိုပြီးမြင့်တက်လာနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။















