Border News Agency
အစ္စရေး၊ မတ် ၂၂။
အီရန်တော်လှန်ရေးအစောင့်တပ်က အစ္စရေးနိုင်ငံတောင်ပိုင်း အာရဒ်မြို့လယ်ခေါင်ကို ခေတ်မီ Fattah-2 ဟိုက်ပါဆောနစ်ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူနေအဆောက်အအုံတွေပျက်စီးပြီး လူအမြောက်အမြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ဒီ Fattah-2 ဒုံးကျည်ဟာ အသံထက် ၅ ဆကျော်မြန်ရုံတင်မကဘဲ လမ်းကြောင်းပြောင်းလဲပျံသန်းနိုင်စွမ်းရှိတာကြောင့် အစ္စရေးရဲ့အဆင့်မြင့်လေကြောင်းကာကွယ်ရေးစနစ်တွေကိုဖောက်ထွက်ပြီး မြို့လယ်ကို တိုက်ရိုက်ကျရောက်ပေါက်ကွဲခဲ့တာပါ။
အဲဒီလိုပေါက်ကွဲခဲ့တာကြောင့် နေအိမ်တွေအပြင်းအထန်ပျက်စီးခဲ့ပြီး မိသားစုပေါင်း ၁၅၀ ခန့်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
အဲဒီအပြင်ဒဏ်ရာရသူ ၇၁ ဦးအထိရှိလာပြီး အဲဒီထဲမှာ ၅ နှစ်အရွယ် မိန်းကလေးငယ်တဦးအပါအဝင် ၁၀ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ အစ္စရေးကယ်ဆယ်ရေးအဖွဲ့ (MDA) ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒီအပျက်အစီးတွေကြား ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးတပ်ဖွဲ့တွေက အသည်းအသန်ရှာဖွေနေဆဲပါ။
ဒီတိုက်ခိုက်မှုဟာ အီရန်ရဲ့အဆင့်မြင့်ဒုံးကျည်နည်းပညာကိုအသုံးပြုခဲ့တာဖြစ်ပြီး ဒေသတွင်းစစ်ရေးတင်းမာမှုတွေ အမြင့်ဆုံးအခြေအနေကိုရောက်ရှိလာနိုင်တယ်လို့လည်း စစ်ရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။

















