Border News Agency
မြောက်ဦး၊ မတ် ၂၂။
မြောက်ဦးမြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘက)ကျောင်းဆရာတဦးဟာ ကျောင်းသူလေးဦးကို မုဒိမ်းမှုကျူးလွန်ဖို့ကြံစည်တာမို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန (DLEPS )က ဖမ်းဆီးအရေးယူလိုက်ပါတယ်။
အဲဒီမြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်က တေဇာရာမ (ဘက) ကျောင်းက အသက် ၅၆ နှစ်အရွယ်ကျောင်းဆရာ ဦးမောင်ငယ် (ခ) မောင်တင်နုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အသက် ၈ နှစ်အရွယ် KG တန်းကျောင်းသူလေးတဦးကို မဖွယ်မရာပြုမူခဲ့တာပါ။
အဲဒီအပြင် မြေပြင်စုံစမ်းမှုတွေအရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်တုန်းကလည်း အသက် ၆ နှစ်ကနေ ၈ နှစ်ကြားရှိတဲ့ ကျောင်းသူသုံးဦးကိုအဲဒီလိုကျူးလွန်ခဲ့တာတွေ ထပ်ပြီးပေါ်ပေါက်ခဲ့ပါတယ်။
အဲဒါကြောင့် မိဘတွေက မတ်လ ၆ ရက်နေ့မှာ တိုင်တန်းခဲ့ရာ ဒီလပ်ဌာနက အမှုဖွင့်ပြီး မတ်လ ၁၁ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင်မတ်လ ၁၆ ရက်နေ့တုန်းကလည်း မောင်တောမြို့နယ်၊ အောင်သုခရွာက အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ်လူငယ်ကိုလည်း တရက်အတွင်းမှာပဲ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
သူ့ကိုလည်း မုဒိမ်းမှု၊ လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုတွေနဲ့ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒီလပ်ဌာနအနေနဲ့ မုဒိမ်းကျင့်ဖို့ ကြံစည်အားထုတ်မှုဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ထိ ကျခံရနိုင်သလို အသက် ၁၂ နှစ်အောက် ကလေးငယ်ကို မုဒိမ်းမှုကျူးလွန်ရင်တော့ ထောင်ဒဏ်တသက် ဒါမှမဟုတ် အနှစ် ၂၀ ထိ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားတယ်လို့လည်း အသိပေးထားပါတယ်။
ပြည်သူတွေအနေနဲ့လည်း ကလေးငယ်တွေကို ကြိုတင်ကာကွယ်ပေးဖို့၊ သံသယဖြစ်ဖွယ်တွေ့ရင် သတင်းပေးပို့ဖို့နဲ့ ကျူးလွန်သူတွေကို အကာအကွယ်မပေးဘဲ ဝိုင်းဝန်းရှုံ့ချကြဖို့ကိုလည်း နှိုးဆော်ထားပါတယ်။






