Border News Agency
နေပြည်တော်၊ မတ် ၂၄။
အာဏာသိမ်းစစ်တပ်အတွက် လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူပေးနေတဲ့ Synpex Shwe ကုမ္ပဏီကွန်ရက်ရဲ့ ကမ္ဘာတဝှမ်း လက်နက်မှောင်ခိုကွင်းဆက်ကို Justice For Myanmar (JFM) ကမတ်လ ၂၃ ရက်၊နေ့ကထုတ်ပြန်ပါတယ်။
အဲဒီကုမ္ပဏီဟာ ဂျပန်၊စင်ကာပူ၊ ရုရှား၊ တူရကီနဲ့ ထိုင်းနိုင်ငံတွေမှာရှိတဲ့ ကုမ္ပဏီခွဲတွေ၊ကွန်ရက်တွေကို အသုံးချပြီး စစ်တပ်အတွက် ဒရုန်းမော်တာတွေ၊ Mi-17 ရဟတ်ယာဉ် အစိတ်အပိုင်းတွေနဲ့ စောင့်ကြည့်ရေးပစ္စည်းတွေကို သယ်ယူပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီထဲ အထူးသဖြင့် အီရတ်-ဆီးရီးယားနယ်စပ်မှာ သိမ်းဆည်းရမိခဲ့တဲ့ အီရန်ထုတ် ဒရုန်းမော်တာတခုဟာ ဒီကုမ္ပဏီရဲ့ စင်ကာပူအခြေစိုက်ခွဲကုမ္ပဏီကတဆင့် ဝယ်ယူခဲ့တာလို့ JFM က ထောက်ပြထားပါတယ်။
Synpex Shwe ဟာ ယူကေ၊ကနေဒါနဲ့ အမေရိကန်တို့ရဲ့ ပိတ်ဆို့အရေးယူမှုကို ခံထားရပေမဲ့ အမည်အမျိုးမျိုးပြောင်းလဲပြီး ပိတ်ဆို့မှုတွေကို ရှောင်လွှဲနေသလို လက်ရှိမှာလည်း ထိုင်းနိုင်ငံမှာ SS Affluence အမည်နဲ့ ကုမ္ပဏီအသစ်ထောင်ပြီး စစ်တပ်အတွက် လက်နက်ဝယ်ယူမှုတွေကို ဆက်လုပ်နေတာပါ။
အဲဒါကြောင့် JFM က Synpex Shwe ကုမ္ပဏီတခုတည်းကိုတင်မကဘဲ နောက်ကွယ်က ဒါရိုက်တာတွေနဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီကွန်ရက်တခုလုံးကိုပါ ထိထိရောက်ရောက် ပိတ်ဆို့အရေးယူဖို့ နိုင်ငံတကာကို တောင်းဆိုထားပါတယ်။






