Border News Agency
ထိုင်း၊ မတ် ၂၅။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ Mae Fa Luang မြို့နယ်အတွင်းမှာ စိတ်ကြွဆေးပြား ၅ သန်းတင်ဆောင်လာတဲ့ ပစ်ကပ်ကားတစီးကို ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့က မတ်လ ၂၄ ရက် ညပိုင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။
မူးယစ်ဆေးဝါးသယ်ဆောင်လာမယ်ဆိုတဲ့သတင်းအရ အာဏာပိုင်တွေက Mae Fa Luang မြို့နယ်၊Ban Pha Bueကျေးရွာအနီးမှာ စောင့်ဆိုင်းစစ်ဆေးစဉ် မသင်္ကာဖွယ် တိုယိုတာဗီဂိုကားတစီးကိုတွေ့ရှိခဲ့တာလို့ ထိုင်းတော်ဝင်တပ်ဖွဲ့က မတ်လ ၂၅ ရက်၊ ဒီနေ့မှာထုတ်ပြန်ပါတယ်။
အဲဒီကားကိုရပ်တန့်စစ်ဆေးဖို့ကြိုးစားစဉ် ကားမောင်းသမားကအရှိန်မြှင့်မောင်းပြေးခဲ့တာကြောင့် လိုက်လံဖမ်းဆီးရာမှာ ကားဟာလမ်းဘေးထိုးကျသွားပြီး မောင်းနှင်သူကတော့ အမှောင်ထဲမှာထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ဆိုပါတယ်။
ကားအတွင်းမှာ အနက်ရောင်ဆာလာအိတ် ၂၅ အိတ်ကိုတွေ့ရှိခဲ့ပြီး အိတ်တအိတ်စီမှာ စိတ်ကြွဆေးပြား ၂ သိန်းစီ၊ စုစုပေါင်း ၅ သန်းခန့် ပါဝင်တယ်လို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။
အဲဒီသိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ကားကို Mae Fa Luang ရဲစခန်းသို့လွှဲပြောင်းပေးအပ်ထားပြီး ထွက်ပြေးသွားတဲ့တရားခံကို ဖမ်းဆီးရမိဖို့ ဆက်လက် စုံစမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။












