Border News Agency
ကိုလံဘီယာ၊သြဂုတ် ၁၂။
ကိုလံဘီယာနိုင်ငံအနောက်ပိုင်းမှာ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံးလူတရာ့သုံးဆယ်နှစ်ဦးသေဆုံးပြီး ထောင်နဲ့ချီတဲ့ပြည်သူတွေ ပျောက်ဆုံးနေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်ကျန်ရစ်သူတွေကို အချိန်နဲ့တပြေးညီရှာဖွေရေးတွေ လုပ်ဆောင်နေကြတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။
ပြင်းအားခုနှစ်ဒသမလေးပမာဏရှိတဲ့ အဲဒီငလျင်ဟာ သြဂုတ်လ ၁၀ ရက်နေ့ကလှုပ်ခတ်ခဲ့တာဖြစ်ပြီး ကာလီ၊ကိဘ်ဒို၊ပီရေးရာနဲ့အခြားမြို့ပေါင်းများစွာကို ထိခိုက်ခဲ့ပါတယ်။
ငလျင်ကြောင့်အဆောက်အအုံပေါင်း တထောင့်ခြောက်ရာခန့်ပျက်စီး သို့မဟုတ် ပြိုကျခဲ့ပြီး စစ်တပ်၊အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေ ပူးပေါင်းကာအပျက်အစီးတွေကြားထဲကနေ ပိတ်မိနေသူတွေကို အပြိုင်အဆိုင်ရှာဖွေထုတ်ယူနေကြပါတယ်။
ဒေသခံတွေပြုလုပ်ထားတဲ့ကွန်ရက်ပေါ်မှာ ပျောက်ဆုံးနေသူတွေကိုစာရင်းပေးပို့ထားကြပြီး တနင်္လာနေ့ညအထိပျောက်ဆုံးသူ နှစ်ထောင့်ခုနှစ်ရာကျော်သွားပြီ ဖြစ်ပါတယ်။
ငလျင်ဗဟိုချက်နဲ့ နီးစပ်တဲ့ အယ်လ်ကိုင်ရိုမြို့မှာတော့ မြို့ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းခန့် ပျက်စီးသွားပြီးသစ်သားနဲ့ ရွှံ့စေ့ ရိုးရာအိမ်အများအပြား ပြိုကျပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့ကမှ ရာထူးတက်လာတဲ့ သမ္မတအာဘဲလာဒိုဒီလာအက်စ်ပရီလာကတော့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ အပြည့်အဝအသုံးပြုပြီး အင်ဂျင်နီယာတွေ၊ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရှာဖွေရေးခွေးတွေကို ထိခိုက်မှုအဆိုးရွားဆုံးဒေသတွေဆီ စေလွှတ်ထားပါတယ်။
အမေရိကန်ကလည်း အရေးပေါ်ကူညီရေးရန်ပုံငွေ အမေရိကန်ဒေါ်လာဆယ့်ငါးဒသမငါးသန်းကူညီပေးမယ်လို့ ကတိပြုထားပါတယ်။
ကိုလံဘီယာနိုင်ငံဟာ ငလျင်ကြောပေါ်မှာရှိနေတာကြောင့် ငလျင်သေးသေးလေးတွေ မကြာခဏလှုပ်ခတ်လေ့ရှိပေမဲ့ အင်အားခြောက်ဒသမသုညအထက် ပြင်းအားရှိတဲ့ ငလျင်မျိုးတော့ဖြစ်လေ့ဖြစ်ထမရှိပါဘူး။
၁၉၉၉ ခုနှစ်က အာမေးနီးယားမြို့အနီးလှုပ်ခတ်ခဲ့တဲ့ ပြင်းအားခြောက်ဒသမနှစ်ငလျင်ကြောင့် လူတထောင့်တရာထက်မနည်းသေဆုံးခဲ့ဖူးပါတယ်။

















