Border News Agency
ဘန်ကောက်၊ စက်တင်ဘာ ၂၆။
မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေကြောင့် ဘန်ကောက်မြို့ရှိ မြို့နယ်ငါးဆယ်လုံးကိုသဘာဝဘေးအန္တရာယ် ကျရောက်ရာဇုန်အဖြစ် မြို့တော်ဝန် Chadchart Sittipunt က စက်တင်ဘာလ ၂၆ ရက်၊ဒီနေ့ကြေညာလိုက်ပါတယ်။
အဲဒီကြေညာချက်ကြောင့် မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) နဲ့သက်ဆိုင်ရာ အစိုးရဌာနများအနေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ပိုမိုမြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။
မိုးလေဝသဌာနရဲ့ သတိပေးချက်တွေအရ ရေမြောင်းရေမှတ်တွေစိုးရိမ်ရေမှတ်အထိ မြင့်တက်နေပြီး စက်တင်ဘာလ ၂၇ ရက်အထိမိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ပါတယ်။
ရေကြီးမှုကြောင့် မြို့တွင်းလမ်းမကြီးတွေ
ပေါ်မှာယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်နေပြီး စူပါမတ်ကက်တွေနဲ့ စတိုးဆိုင်တွေမှာလည်း ပြည်သူတွေစားသောက်ကုန်နဲ့သောက်ရေတွေကို တိုးဝှေ့ဝယ်ယူနေကြပါတယ်။
ကုန်သည်တွေအသင်းက စားသောက်ကုန် အလွန်အမင်း စုဆောင်းစရာ မလိုကြောင်း အသိပေးထားပေမယ့် အစားအသောက် ပို့ဆောင်ရေးစနစ်တွေကြန့်ကြာမှုနဲ့ဆိုင်အချို့ ပိတ်ထားရမှုတွေကြုံတွေ့နေရပါတယ်။






















