Border News Agency
ကျောက်တော်၊စက်တင်ဘာ ၂၆။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့အနီးရှိ မူဆလင်ရွာတွေနဲ့မြို့ပေါ် ရပ်ကွက်တခုကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခဲ့လို့ ထိခိုက်နစ်နာသူတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က သွားရောက်ထောက်ပံ့ခဲ့ပါတယ်။
အဲဒီကျောက်တော်မြို့အနီးရှိ မူဆလင်ရွာလေးရွာနဲ့ မြို့ပေါ် ပြည်တော်သာ ၉ လမ်းကို စက်တင်ဘာလ ၂၅ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းမှ ဗုံးအလုံးသုံးဆယ်နဲ့တိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက်တနှစ်အရွယ်ကလေးတဦးအပါအဝင် မူဆလင်ငါးဦးနဲ့ အရပ်သားစုစုပေါင်းခုနှစ်ဦးဒဏ်ရာရသွားပြီး နေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။
ဒဏ်ရာရသူတွေနဲ့ နေအိမ်ပျက်စီးသွားတဲ့ရွာသားတွေကို ULA တာဝန်ရှိသူတွေကထောက်ပံ့ပေးခဲ့ပြီး ကျန်တဲ့မိသားစုတွေကိုလည်း ဆက်လက်ထောက်ပံ့သွားမယ်လို့ဆိုပါတယ်။













