Border News Agency
အိုင်ဇော၊စက်တင်ဘာ ၂၆။
မဏိပူရအခြေစိုက်ကူကီးလက်နက်ကိုင်အဖွဲ့ (UKNA) ရဲ့စစ်ဦးစီးချုပ်ထန်ခိုမန်ဟောင်ကစ်ပ်နဲ့ယာဉ်မောင်းတို့ကို စက်တင်ဘာလ ၂၄ ရက်က မီဇိုရမ်ပြည်နယ်၊အိုင်ဇောမြို့အစွန်မှာ အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) နဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့တို့ ပူးပေါင်းပြီးဖမ်းဆီးလိုက်ပါတယ်။
အဲဒီဖမ်းဆီးမှုအပြီး နာရီပိုင်းအလိုမှာပဲ အိုင်ဇောလ်မြို့ Khatla ရပ်ကွက်ရှိဟိုတယ်တခုမှာ စခန်းချနေတဲ့မဏိပူရ ကူကီးကျောင်းသားခေါင်းဆောင်နှစ်ဦးကိုပါ NIA က ထပ်မံဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
ဖမ်းဆီးခံရတဲ့ ကျောင်းသားခေါင်းဆောင်နှစ်ဦးကို ဘယ်စွဲချက်တွေနဲ့ဖမ်းဆီးခဲ့တယ်ဆိုတဲ့ အသေးစိတ်ကိုအာဏာပိုင်တွေဘက်က ထုတ်ဖော်ပြောတာမရှိသေးပေမယ့် ဖမ်းဆီးခံရသူလေးဦးစလုံးကို အမှုဖွင့်စစ်ဆေးဖို့ NIA က ဆက်လက်ထိန်းသိမ်းထားတယ်လို့ India Today သတင်းမှာ ဖော်ပြထားပါတယ်။
အလိုရှိနေတဲ့ကူကီးစစ်ဦးစီးချုပ်ဟောင်ကစ်ပ်ဟာ မဏိပူရဝန်ကြီးချုပ်ဟောင်း N. Biren Singh ရဲ့ လုံခြုံရေးယာဉ်တန်းကို Kangpokpi ခရိုင်မှာ ခြုံခိုတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲခံထားရသူဖြစ်ပါတယ်။
အဲဒီအပြင် Bishnupur ခရိုင်၊ Tronglaobi ကျေးရွာရှိ အရပ်သားနေအိမ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နှစ်ဦးသေဆုံးပြီး မိခင်ဖြစ်သူဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်မှာလည်းကူကအဖွဲ့ကလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ NIA က ပြောဆိုထားတာပါ။
အိန္ဒိယအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားတာမရှိတဲ့ ကူကီးအဖွဲ့ကို တရားမဝင်လက်နက်ကိုင်အဖွဲ့အဖြစ်သတ်မှတ်ထားပြီး အဖွဲ့ခေါင်းဆောင်ဟောင်ကစ်ပ်ကိုလည်း လူသတ်မှု၊ဖောက်ခွဲရေးမှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှု အမှုတွေနဲ့ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ်။









