Border News Agency
ရန်ကုန်၊စက်တင်ဘာ ၂၆။
ပင်လယ်ရေကြောင်းသုံးပြီး မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုနဲ့အလိုရှိနေတဲ့ ကုမ္ပဏီပိုင်ရှင်ဝီလျံထွန်းကို ဗီယက်နမ်နိုင်ငံကဖမ်းဆီးပြီး မြန်မာနိုင်ငံဆီပြန်လွှဲပေးလိုက်တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၅ ရက်နေ့ကထုတ်ပြန်ပါတယ်။
အဲဒီအသက်လေးဆယ်ငါးနှစ်အရွယ် တရားခံဝီလျံထွန်းဟာ လယ်ဝေးနဲ့ဒလမြို့နယ်တို့မှာ ကျပ်ဘီလီယံနှစ်ဆယ်ကျော်တန်ဖိုးရှိ အိုက်ရှစ်ရာတဆယ်ကီလိုဖမ်းဆီးရမိမှုမှ အဓိကတရားခံအဖြစ်အလိုရှိခံထားရသူဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ဇွန်လ၂၅ ရက်မှာ ရန်ကုန်ကနေ မလေးရှားကိုထွက်ပြေးသွားခဲ့တာဖြစ်ပြီး စင်္ကာပူနဲ့အင်ဒိုနီးရှားနိုင်ငံတို့ကိုလှည့်ပတ်ကာ ဗီယက်နမ်နိုင်ငံသို့ ဆက်လက်ထွက်ပြေးတိမ်းရှောင်ခဲ့တာပါ။
ဒေသတွင်းမိတ်ဖက်ရဲတပ်ဖွဲ့တွေရဲ့ သတင်းဖလှယ်ပူးပေါင်းဆောင်ရွက်မှုကြောင့် အလိုရှိတရားခံပြေးကို စက်တင်ဘာလ ၁ ရက်မှာ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီတရားခံကို စက်တင်ဘာလ၂၄ ရက်၊ညပိုင်းက ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဗီယက်နမ်တာဝန်ရှိသူတွေက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။









