Border News Agency
အမေရိကန်၊ သြဂုတ် ၁၂။
ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ဖို့ဆွေးနွေးပွဲတွေမှာ အမေရိကန်နဲ့ အီရန်တို့က တောင်းဆိုချက်အသစ်တွေအပြန်အလှန်တောင်းဆိုကြတာကြောင့် ငါးလကြာဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ် သံသယတွေပိုကြီးထွားလာနေပါတယ်။
အမေရိကန်ဘက်ကတော့ ဒီဆွေးနွေးပွဲတွေမှာ တိုက်ရိုက်ပါဝင်နေတယ်လို့ပြောထားပေမယ့် အီရန်ကတော့ အိုမန်နိုင်ငံနဲ့ပဲ တိုက်ရိုက်ဆွေးနွေးနေတာဖြစ်ပြီး ရေလက်ကြားရဲ့ အနာဂတ်စီမံခန့်ခွဲရေးကို အိုမန်နဲ့ပူးပေါင်းဆောင်ရွက်ဖို့ အဆိုပြုထားပါတယ်။
ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့တင်ပို့မှုရဲ့ ငါးပုံတပုံခန့် ဖြတ်သန်းသွားလာနေတဲ့ အဲဒီရေလက်ကြားဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကစတင်ခဲ့တဲ့ အမေရိကန်-အစ္စရေးနဲ့ အီရန်တို့အကြား စစ်ပွဲကြောင့်ပိတ်ထားရတာဖြစ်ပါတယ်။
အီရန်ဘက်က စစ်လျော်ကြေးပေးဖို့နဲ့ သူတို့ရဲ့ နိုင်ငံရေး၊စီးပွားရေး တောင်းဆိုချက်တွေကို လိုက်လျောမှပဲ ရေလက်ကြားကို ပြန်ဖွင့်ပေးမယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်ကပြောခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာက ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေနဲ့ တိုက်ခိုက်မှုတွေမှာ သေဆုံး၊ဒဏ်ရာရခဲ့သူတွေအတွက် အီရန်ဆီက လျော်ကြေးပြန်တောင်းမယ်လို့ တုံ့ပြန်လိုက်ပါတယ်။
ကျွမ်းကျင်သူတွေကတော့ ဟော်မုဇ်ရေလက်ကြားပြဿနာကို မဖြေရှင်းနိုင်သရွေ့ နှစ်နိုင်ငံအကြား ပိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့မရှိဘူးလို့ သုံးသပ်ထားကြပြီး ခုလို ဖြစ်ပေါ်တိုးတက်မှုတွေက အနာဂတ် ဆွေးနွေးပွဲတွေကို ပိုရှုပ်ထွေးသွားစေနိုင်တယ်လို့ဆိုပါတယ်။










