Border News Agency
အမေရိကန်၊ မတ် ၂၈။
လာမယ့် ဇွန်လကစပြီး အမေရိကန်ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအသစ်တွေပေါ်မှာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ လက်မှတ် ပါဝင်လာတော့မယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မတ်လ ၂၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဒါဟာ အမေရိကန်သမိုင်းမှာ တာဝန်ထမ်းဆောင်ဆဲ သမ္မတတဦးရဲ့ လက်မှတ်ကို ငွေစက္ကူပေါ်မှာ ပထမဆုံးအကြိမ် ထည့်သွင်းရိုက်နှိပ်တာလည်း ဖြစ်ပါတယ်။
အမေရိကန် လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ထုတ်ဝေမယ့် ဒီဇိုင်းသစ် ငွေစက္ကူတွေမှာ နှစ်ပေါင်း ၁၆၅ နှစ်ကြာ ကျင့်သုံးခဲ့တဲ့ ဘဏ္ဍာစိုး ရဲ့ လက်မှတ်နေရာမှာ သမ္မတထရမ့်ရဲ့ လက်မှတ်နဲ့ အစားထိုးမှာပါ။
ဇွန်လမှာ ဒေါ်လာ ၁၀၀ တန်တွေကို အရင်ဆုံး ရိုက်နှိပ်မှာဖြစ်ပြီး နောက်ပိုင်းမှာ တခြားတန်ဖိုးရှိတဲ့ ငွေစက္ကူတွေကိုပါ ဆက်တိုက် ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။
ငွေစက္ကူရဲ့ ပုံစံအပြည့်အစုံကတော့ ပြောင်းလဲမှာမဟုတ်ဘဲ ဘဏ္ဍာစိုးရဲ့ လက်မှတ်နေရာမှာ သမ္မတရဲ့ လက်မှတ်ကိုပဲ အစားထိုးသွားမှာပါ။
အခုလို ငွေစက္ကူတွေ၊ အဆောက်အအုံတွေနဲ့ အစိုးရစီမံကိန်းတွေပေါ်မှာ သမ္မတအမည်နဲ့ ရုပ်ပုံတွေ ဖော်ပြဖို့ ကြိုးပမ်းတာဟာ ထရမ့်အစိုးရရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တခုလည်း ဖြစ်ပါတယ်။
ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆင့်ကတော့ ထရမ့်ရဲ့ ဒုတိယသက်တမ်းအတွင်း စီးပွားရေး တိုးတက်မှုတွေကြောင့် အခုလို ငွေစက္ကူပေါ်မှာ လက်မှတ်ထည့်သွင်းတာဟာ သင့်လျော်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ သမ္မတဟောင်း ဘိုင်ဒင်လက်ထက်က ဘဏ္ဍာရေးဝန်ကြီး ဂျဲနက်ယဲလန်ရဲ့ လက်မှတ်ပါတဲ့ ငွေစက္ကူတွေကိုပဲ ဆက်လက် သုံးစွဲနေဆဲ ဖြစ်ပါတယ်။






