Border News Agency
နေပြည်တော်၊ ဧပြီ ၁၀ ။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံထားရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဧပြီလ ၁၀ ရက်၊ဒီနေ့မှာ ပြည်ထောင်စုလွှတ်တော် နာယကရှေ့မှောက်မှာ ကတိသစ္စာပြုပြီး သမ္မတအဖြစ် တရားဝင် စတင်တာဝန်ယူလိုက်ပါတယ်။
အဲဒီကတိသစ္စာပြုပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ ဒုတိယသမ္မတတွေအဖြစ် ဦးညိုစောနဲ့ ဒေါ်နန်းနီနီအေးတို့ကလည်း ကတိသစ္စာပြုခဲ့ကြပြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံရဲ့ ၁၁ ဦးမြောက် သမ္မတ ဖြစ်လာတယ်လို့ ဆိုပါတယ်။
အဲဒီအခမ်းအနားမှာ ပြည်ထောင်စုတရားသူကြီးချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုဝန်ကြီး ၃၀ ဦး အပါအဝင် အဖွဲ့အစည်းဝင်အသီးသီးကလည်း ကတိသစ္စာပြုခဲ့ကြပါတယ်။
ပြည်ထောင်စုဝန်ကြီးတွေအဖြစ် ဦးမြထွန်းဦး၊ ဦးတင်အောင်စန်း၊ ဒေါက်တာကံဇော်၊ ဦးမြင့်ကြိုင်နဲ့ ဦးမောင်မြင့် အပါအဝင် စုစုပေါင်း ၃၀ ဦးကို ခန့်အပ်တာဝန်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီကတိသစ္စာပြုပွဲကို တရုတ်သမ္မတရဲ့ အထူးသံတမန်၊ အိန္ဒိယဝန်ကြီး မစ္စတာကာတီဗာဒန်ဆင်း၊ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာပန်ပရီးတို့အပြင် ရုရှားနဲ့ ဂျပန်နိုင်ငံတို့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။















