Border News Agency
လက်ဘနွန်၊ ဧပြီ ၁၆။
လက်ဘနွန်နိုင်ငံမှာ အပစ်အခတ်ရပ်စဲဖို့ဟာ အီရန်နိုင်ငံအတွက်လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေရပ်တန့်ဖို့လောက်နီးပါး အရေးကြီးတယ်လို့ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘေဂါ ဂါလီဘတ်ဖ်က ပြောကြားလိုက်ပါတယ်။
ဒါဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသအားလုံးမှာ အမြဲတမ်းအပစ်ရပ်ရေးအတွက် အီရန်ရဲ့ ကြိုးပမ်းမှုတခုလည်း ဖြစ်ပါတယ်။
အီရန်ဘက်ကတော့ အမေရိကန်နဲ့ ဆွေးနွေးနေတဲ့ အပစ်ရပ်သဘောတူညီချက်တွေမှာ လက်ဘနွန်နိုင်ငံပါ ပါဝင်ရမယ်လို့ အခိုင်အမာ တောင်းဆိုနေတာပါ။
ဒါပေမယ့် အမေရိကန်နဲ့ အစ္စရေးဘက်ကတော့ လက်ဘနွန်အရေးဟာ ဒီသဘောတူညီချက်ထဲမှာ မပါဝင်ဘူးလို့ ငြင်းဆိုထားကြပါတယ်။
လက်ဘနွန်လွှတ်တော်ဥက္ကဋ္ဌ နာဘီဘာရီနဲ့ ဖုန်းဖြင့် ဆွေးနွေးရာမှာတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်ပြည်သူ ၁ ဒသမ ၂ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
အစ္စရေးဟာ လက်ဘနွန်ပြည်သူတွေကို နေရပ်စွန့်ခွာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်တယ်လို့ လက်ဘနွန်ဘက်က ဆိုပါတယ်။
ဒီစစ်ပွဲဟာ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို ဒုံးကျည်တွေနဲ့ စတင်ပစ်ခတ်ခဲ့ရာကနေ အရှိန်မြင့်လာခဲ့တာပါ။
အဲဒီနောက်ပိုင်း အစ္စရေးရဲ့ ပြန်လည်တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ လူပေါင်း ၂,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။






