Border News Agency
သြစတြေးလျ၊ ဧပြီ ၁၇။
သြစတြေးလျနိုင်ငံရဲ့လောင်စာဆီ ၁၀ ရာခိုင်နှုန်းခန့် ထုတ်လုပ်ပေးနေတဲ့ ဗစ်တိုးရီးယားပြည်နယ်၊ဂျီလောင်မြို့က Viva Energy ရေနံချက်စက်ရုံမှာ ဧပြီလ ၁၅ ရက်နေ့ကအကြီးအကျယ် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ငွေ့ယိုစိမ့်မှုကနေ စတင်ခဲ့တဲ့ ဒီမီးဟာ ပေ ၂၀၀ ခန့်အထိ မြင့်တက်ခဲ့ပြီး ဧပြီလ ၁၆ ရက်၊နေ့လည်ပိုင်းမှာမှ မီးငြှိမ်းသတ်နိုင်ခဲ့တာပါ။
ဒီမီးလောင်မှုဟာ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့လောင်စာဆီ တင်သွင်းမှုတွေ အခက်တွေ့နေချိန်မှာ ဖြစ်ပွားခဲ့တာမို့ သြစတြေးလျအတွက် လောင်စာဆီ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ ပိုတိုးလာစေပါတယ်။
နိုင်ငံရဲ့ လောင်စာဆီ ၈၀ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းနေရတာဖြစ်ပြီး လက်ရှိမှာလည်း ကမ္ဘာ့လောင်စာဆီဈေးနှုန်းတွေ မြင့်တက်နေတဲ့ ဒဏ်ကို ခံစားနေရတာပါ။
အဲဒီစက်ရုံဟာ ၁၉၅၀ ပြည့်နှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ စက်ရုံဟောင်းတခုဖြစ်ပြီး ကမ္ဘာ့ရေနံအကျပ်အတည်းကြောင့် အစွမ်းကုန် လည်ပတ်နေရချိန်မှာ အခုလို မီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အရေးကြီးတဲ့ အဆို့ရှင်တွေကို ပိတ်နိုင်ခဲ့လို့ လေယာဉ်ဆီနဲ့ ဒီဇယ်ထုတ်လုပ်တဲ့ အပိုင်းတွေကိုတော့ မီးမကူးစက်ဘဲ ကာကွယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
သြစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘနိစ်ကတော့ ဘရူနိုင်းနဲ့ တောင်ကိုရီးယားနိုင်ငံတွေကနေ ဒီဇယ်ဆီ လီတာ သန်း ၁၀၀ ကျော် အပိုဆောင်းတင်သွင်းဖို့ စီစဉ်ထားပြီးဖြစ်လို့ ပြည်သူတွေအနေနဲ့ ထိတ်လန့်ပြီး ဆီတွေ အလုအယက်ဝယ်တာမျိုး မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
အဲဒီနိုင်ငံတွင်းလက်ရှိမှာ ဓာတ်ဆီလက်ကျန် ၃၈ ရက်စာလောက်သာ ရှိနေတယ်လို့ အစိုးရက ဆိုပါတယ်။
စစ်ပွဲတွေကြောင့် ဟော်မုဇ်ရေလက်ကြား ကနေ ရေနံသယ်ယူမှုတွေ ရပ်တန့်နေတာဟာ သြစတြေးလျအပါအဝင် အာရှပစိဖိတ်ဒေသတခုလုံးအတွက် လောင်စာဆီလုံခြုံရေးဆိုင်ရာ အဓိကစိန်ခေါ်မှုကြီး ဖြစ်နေပါတယ်။
ဒါကြောင့် အစိုးရက ပြည်သူတွေကို လောင်စာဆီ ချွေတာသုံးစွဲကြဖို့နဲ့ တတ်နိုင်သမျှ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေကို သုံးကြဖို့ တိုက်တွန်းထားပါတယ်။






