Border News Agency
နမ့်ဆန်၊ ဧပြီ ၂၅။
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့မှာ သုတပညာနဲ့ပညာရေးအင်စတီကျူ့အဖွဲ့ကဦးဆောင်ပြီး ကောင်းမွန်တဲ့အုပ်ချုပ်မှုဆိုင်ရာသင်တန်းကို ဖွင့်လှစ်ခဲ့တယ်လို့ တအာင်းတပ်က ဧပြီလ ၂၄ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းကို ဧပြီလ ၂၀ ရက်ကနေ ၂၂ ရက်နေ့အထိကျင်းပခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးအခြေခံဗဟုသုတတွေအပြင် ထိရောက်တဲ့ စီမံခန့်ခွဲမှုနဲ့လက်တွေ့အသုံးချနိုင်မယ့် ကျွမ်းကျင်မှုနည်းလမ်းတွေကို အဓိကထားသင်ကြားပေးခဲ့တာပါ။
သင်တန်းသို့နမ့်ဆန်မြို့နယ်အတွင်းရှိ တာဝန်ရှိသူတွေအပါအဝင် သင်တန်းသား ၂၅ ဦးနဲ့ သင်တန်းသူ ၃ ဦး၊စုစုပေါင်း ၂၈ ဦး တက်ရောက်ခဲ့ကြပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးစွမ်းရည်မြှင့်တင်နိုင်ဖို့သာမက ပွင့်လင်းမြင်သာမှုနဲ့ ပြည်သူ့ပါဝင်မှုကို အခြေခံတဲ့ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပြီးအခုလိုသင်တန်းပေးရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
သင်တန်းကာလအတွင်းဖွံ့ဖြိုးရေးစီမံကိန်းတွေကို စနစ်တကျရေးဆွဲနည်းနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုကိုတည်ဆောက်နိုင်မယ့် ရေရှည်တည်တံ့တဲ့ စီမံခန့်ခွဲမှုပုံစံတွေကိုလည်း ဆွေးနွေးသင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။














