Border News Agency
ကျောက်တော်၊ မေ ၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ် မြေတွေမှာ သက်ငယ်မုဒိန်းမှုတွေ ကာကွယ်တားဆီးနိုင်ဖို့အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဦးဆောင်ပြီး အသိပညာပေးတာတွေလုပ်နေပါတယ်။
အဲဒီအသိပညာပေးတာတွေကို အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးရှိမြို့နယ်၊ တိုက်နယ်၊ ကျေးရွာတွေထိ မြေပြင်ကွင်းဆင်းပြီး လက်ကမ်းစာစောင်တွေဖြန့်ဝေနေတာပါ။
အာရက္ခဒေသမှာ သက်ငယ်မုဒိန်းမှုတွေ သိသိသာသာများပြားလာနေတာမို့ အရွယ်မရောက်သေးတဲ့ကလေးငယ်တွေကို မသမာသူတွေရဲ့ရန်ကကာကွယ်နိုင်ဖို့ ရည်ရွယ်လုပ်နေတာပါ။
အဲဒီလိုပညာပေးမှုမှာ သက်ငယ်မုဒိန်းမှု ဖြစ်ပွားရတဲ့အကြောင်းရင်းတွေ၊ မိဘအုပ်ထိန်းသူတွေ ကြိုတင်ကာကွယ်ထားသင့်တဲ့ ခုနှစ်ချက်ပါဝင်ပါတယ်။
အဲဒီကလေးငယ်တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဘယ်သူ့ကိုမှကိုင်တွယ်ခွင့် ဒါမှမဟုတ် ဓာတ်ပုံရိုက်ခွင့်မပြုဖို့ မိဘတွေကကလေးတွေကို သေချာသင်ပေးထားဖို့၊ တခြားသူရဲ့လိင်အင်္ဂါကိုလည်း မကိုင်ရဘူးဆိုတဲ့အချက်တွေကို နားလည်အောင်ပြောပြထားကြဖို့ပါပါတယ်။
အာရက္ခဒေသမှာ ပြီးခဲ့တဲ့ဇန်နဝါရီလ ကမှဧပြီလထိလေးလအတွင်း သက်ငယ်မုဒိန်းမှုသုံးမှုဖြစ်ခဲ့တာမို့ တရားမျှတမှုရရှိအောင် အမြန်ဆုံးဆောင်ရွက်ပေးဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို ထိရောက်စွာအရေးယူပေးဖို့ ပြည်သူတွေတော င်းဆိုနေကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့တရားစီရင်းရေးဟာ သက်ငယ်မုဒိန်းမှုအပါအဝင်အမှုအခင်းတွေကို ဥပဒေအရထိရောက်စွာအပြစ်ပေးအရေးယူတာတွေအားနည်းနေသေးတယ်လို့ အာရက္ခပြည်သူတွေ ထောက်ပြနေကြပါတယ်။








